အထက်ချင်းတွင်းက ရှမ်းနီတိုင်းရင်းသားတို့ရဲ့ မြတ်နိုးစရာ သင်္ကြန်မုန့်လှူတဲ့ဓလေ့

ရှမ်းနီရိုးရာ မုန့်ဖက်ထုပ်ပြုလုပ်နေသည့် ရှမ်းနီပျိုမေတစ်ဦးကိုတွေ့ရစဉ်/ Photo_SNV-2026

လေရှုးလေမြူးနေသည့် လတန်ခူးသို့ ဆိုက်ရောက်လာခဲ့ပြီ။

ဒေသအနှံ့အပြားဆီက မတူညီတဲ့ရိုးရာတွေနဲ့ သင်္ကြန်ဆင်နွဲကြပါတယ် ။ 

ရှမ်းနီဒေသတစ်ခုဖြစ်တဲ့အထက်ချင်းတွင်းဒေသက ဟုမ္မလင်းမြို့အပါအဝင် ကျေးလက်တောရွာမှာပါ သင်္ကြန်အကြိုနေ့မရောက်မှီ တစ်ရက်အလိုကတည်းက အိမ်တိုင်းလိုလိုမှာ မီးခိုးတလူလူနဲ့ လူတွေအုတ်အုတ်ကျက်ကျက် ဆူဆူညံညံရှိနေတတ်ပါတယ်။အိမ်ဝိုင်းထဲမှာ မီးဖိုကိုယ်စီနှင့် သင်္ကြန်မုန့်(ဒေသအခေါ် အခါမုန့်)ပြုလုပ်ဖို့့ပြင်ဆင်နေကြတာပါ။ဒါက ကျွန်မတို့ဒေသရဲ့ ချစ်စရာဓလေ့တစ်ခုပါ။

သင်္ကြန်မှာလုပ်တဲ့မုန့်တွေကတော့ မုန့်ဖက်ထုပ်၊မုန့်ဦးနှောက်၊မုန့်လက်ဆောင်း၊မုန့်လုံးရေပေါ်၊ထိုးမုန့်၊မုန့်သြဇာစတဲ့မုန့်တွေပါ။ဒီမုန့်တွေကို သင်္ကြန်တွင်းမှာပဲလုပ်ကြတာမို့ သင်္ကြန်မုန့်လို့ခေါ်ကြတာပါ။လူကြိုက်အများဆုံးနဲ့ အများဆုံးလုပ်ကြတဲ့မုန့်က မုန့်ဖက်ထုပ်ပါ။လုပ်ကိုင်ရတာမြန်ဆန်ပြီးတော့ တာရှည်အထားခံတာကြောင့် မုန့်ဖက်ထုပ်ကို ပိုလုပ်ကြတာပါ။ဖက်နဲ့ထုပ်ပိုးပြီးပြုလုပ်ရတာမို့ ငှက်ပျောဖက်တွေကို သန့်ရှင်းနေအောင်နေလှမ်း၊မီးကင်ထားရပါတယ်။မုန့်ထဲထည့်ဖို့ သကြားနဲ့အုန်းသီးအမျှင်လေးတွေကို ရောကြိုထားရပြီး ကောက်ညှင်းဆန်အကောင်းစားကို ဆန်မုန့်ဖြစ်အောင် ကြိတ်ပြီးပြင်ဆင်ထားရပါတယ်။ဒန်အိုးကြီးတစ်လုံးထဲမှာ ဆန်မုန့်ကိုရေနဲ့ရောပြီးသမအောင်နယ်ပေးခြင်းဖြင့် မုန့်ဖက်ထုပ်စလုပ်ကြပါပြီ။ဒီနေရာမှာ ရေနည်းရင်မာတောင့်နေသလို ရေများရင်လည်းပျော့သွားတတ်တာမို့ ရေအချိုးအဆကလည်း အရေးကြီးပါတယ်။သမအောင်နယ်တဲ့အခါ ဆားလေးသင့်ရုံထည့်ပြီး တောင့်တင်းနေအောင်နယ်ပေးရပါတယ်။ပြီးရင် သန့်ရှင်းတဲ့ငှက်ပျောဖက်ပေါ် ဆီအနည်းငယ်လူးပေးပြီး သမအောင်နယ်ထားတဲ့မုန့်ကိုတင် အဆာသွပ်အနေနဲ့ သကြားနဲ့အုန်းမျှင်လေးရောကြိုထားတာကို ထည့်ပေးရပါတယ်။မိသားစုလိုက်ဆွေမျိုးတွေပါမကျန် မုန့်ထုပ်ကြပါတယ်။ပြီးရင် ပေါင်းအိုးထဲအစီအရီပေါင်းထားပြီးတစ်နာရီလောက်ကြာရင် ပူပူနွေးနွေးနဲ့မွေးပျံ့တဲ့မုန့်ဖက်ထုပ်ရပါပြီ။

မုန့်ကျက်သွားပီဆို ဆွမ်းတော်အတွက် သပ်သပ်ဖယ်ထားပြီး ရွာထဲက သက်ကြီးဝါကြီးတွေ ဆရာ၊ဆရာမတွေ ဆွေမျိုးတွေကို လိုက်ကန်တော့ကြပါတယ်။လူကြီးမိဘတွေကလည်း သူတို့အိမ်မှာ အသင့်ရှိတဲ့မုန့်တွေကို ပြန်လည်ဝေငှပေးပါတယ်။ဒါကြောင့် ကိုယ့်အိမ်ကမုန့်တွေအပြင် မုန့်မျိုးစုံရှိနေတတ်ပါတယ်။ လူကြီးမိဘတွေကို ကန်တော့တဲ့အပြင် အိမ်နီးချင်းတွေကို ပျော်ပျော်ပါးပါးဝေငှစားသောက်တာလည်း မရိုးနိုင်တဲ့ဓလေ့တစ်ခုပါ။အခါမုန့်(သင်္ကြန်မုန့်)ဝေငှတဲ့အချိန်က မုန့်တွေကို သင်္ကြန်မပြီးမချင်း မိမိတို့အိမ်လာလည်သူမှန်သမျှကို ချကျွေးလေ့ရှိပါတယ်။အခါမုန့်နဲ့အတူ အဖျော်ရည်တွေ လက်ဖက်သုပ်တွေကလည်း မပါမဖြစ်ပါ။

ညနေရောက်ရင်  ကြေးစည်သံတလွင်လွင်နဲ့ ရွာဦးကျောင်းက ဆွမ်းခံလာပါပြီ။တနေကုန်ချွေးသံတလုံးလုံးနဲ့ချက်ပြုတ်ပြင်ဆင်ခဲ့သူတွေ ကလေးငယ်တွေက သစ်လွင်သန့်ရှင်းတဲ့ အဝတ်အစားတွေနဲ့ ဖြစ်နေကြပြီး ဆွမ်းလောင်းဖို့အဆင်သင့်ဖြစ်နေပါပြီ။

ဆွမ်းတော်ကြီးတစ်ပွဲမှာဆိုရင် အဓိကအားဖြင့်အခါမုန့်(သင်္ကြန်မုန့်)၊ဆန်၊ဆီ၊ဖယောင်းတိုင်၊အမွှေးတိုင်၊ပိုက်ဆံနဲ့အခြားသစ်သီးဝလံနှင့်လှူဖွယ်ပစ္စည်းတွေပါဝင်ပြီးတော့ ဗန်းကြီးထဲမှာ လှပစွာပြင်ဆင်ထားတာမျိုးပါ။ဆွမ်းခံလာတဲ့လူတွေမှာ ဘုရားဂေါပကလူကြီးတွေနဲ့ ဝေယာဝစ္စလူငယ်တွေက စီတန်းလှည့်လည်လာကြတာပါ။လော်စပီကာကြီးနဲ့ အလှူ့ရှင်တွေ ကျန်းမာချမ်းကြပါစေ၊ငြိမ်းချမ်းရာမြတ်နိဗ္ဗာန်ကို ရောက်ပါစေ စသဖြင့်  ဆုတောင်းပေးတဲ့သူပါသလို ရှမ်းနီရိုးရာအိုးစည်ဗုံမောင်းတွေတီးမှုတ်ပြီး ပျော်ရွှင်စွာ လိုက်ပါတဲ့အဖွဲ့တွေလည်း ပါဝင်ပါတယ်။ဘာသာတရားကို သက်ဝင်ယုံကြည်ပြီး ပျော်ရွှင်တတ်တဲ့လူမျိုးတွေရဲ့ ဓလေ့တွေထဲက သင်္ကြန်မုန့်လှူဒါန်းတဲ့ဓလေ့က ချစ်စရာဓလေ့တစ်ခုပါ။

ညအချိန်ဆို အိမ်ရှင်မတွေက မီးဖိုခန်းထဲမှာ တကုပ်ကုပ်ချက်ပြုတ်နေကြပါပြီ။နောက်နေ့သင်္ကြန်အကြိုနေ့မှာ ဥပုသ်သီလယူကြမဲ့သူတွေအတွက် မိမိအိမ်မှာ ဟင်းတစ်မျိုးကို ပေါပေါများများချက်ပြုတ်ပီး နောက်နေ့မနက်စောစောမှာ လိုက်လံဝေငှဖို့ပါ။ သင်္ကြန်မှာ အမြဲတမ်းချက်တတ်တဲ့ ဟင်းကတော့ ရှမ်းနီရိုးရာမျှစ်ချဉ်ကြော်၊သီးစုံသုပ်၊ဟင်းရွက်ပေါင်း၊ပဲကြာဆံချက်၊ငါးငရုတ်သီးကြော်တွေပါ။

မနက်ဆို ဥပုသ်သီလယူဖို့ ရွာဦးကျောင်းသွားသူတွေ ဟင်းတွေလိုက်လံဝေငှသူတွေနဲ့ ရွာလမ်းမှာ စည်စည်ညံညံဖြစ်နေတတ်ပါတယ်။သူ့အိမ်ကဟင်းကိုယ့်ကိုပို့၊ကိုယ့်အိမ်ကဟင်းအများကိုပို့ပေးကြတာ အိမ်တိုင်းမှာ ဟင်းမျိုးစုံစားပွဲမှာ ပေါင်းလန်နေပါတော့တယ်။အခါဟင်းပို့တာကတော့ သင်္ကြန်အကြိုနေ့တစ်ရက်တည်းမဟုတ်ဘဲ ဥပုသ်ထွက်ချိန်နှစ်ဆန်းတစ်ရက်နေ့ထိ မပျက်မကွက်ချက်ပြုတ်ဝေငှကြတာပါ။

နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးတဲ့သင်္ကြန်အချိန်အခါဆို အိမ်တိုင်းမှာ မိသားစုတွေစုံစုံညီညီရှိနေတတ်ပါတယ်။ အဝေးရောက်နေသူတွေ မရောက်ရောက်အောင် ပြန်လာတတ်ကြတယ်။ခုလို အခါမုန့်တွေ အခါဟင်းတွေ လိုက်လံဝေငှခြင်းနဲ့ မိဘဆရာ သက်ကြီးဝါကြီး ဆွေမျိုးတွေကို လိုက်လံကန်တော့ခြင်းကြောင့်မို့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးနွေးထွေးခြင်းနဲ့ရိုသေလေးစားခြင်းတွေ ပျော်ရွှင်ခြင်းတွေ ပိုမိုတိုးပွားလာစေနိုင်ပါတယ်။

သင်္ကြန်အခါသမယမှာ သင်္ကြန်မုန့်လှူဒါန်းခြင်းအပြင် ဘုန်းတော်ကြီးကျောင်းမှာသီလယူကြ၊စတုဒီသာလှူကြ၊ဘုရားရေသပ္ပါယ်ကြတာတွေရှိသလို ရွာထဲကလူပျိုတွေစုပြီး ရေပုံးကိုယ်စီနဲ့အပျိုလေးတွေရှိတဲ့အိမ်တွေကို တစ်အိမ်တက်ဆင်း ရေလိုက်လောင်းတဲ့ ချစ်စရာဓလေ့လေးတွေ ကျွန်မတို့ဒေသမှာရှိနေပါတယ်။

အထက်ချင်းတွင်းဒေသတစ်လျှောက်က ရှမ်းနီတိုင်းရင်းသားတွေက ချစ်စရာကောင်းတဲ့ ဓလေ့တွေကို ကိုယ့်သားမြေးမြစ်တွေဆီ လက်ဆင့်ကမ်းထိမ်းသိမ်းကြမှသာ နောင်နှစ်ပေါင်းများစွာ သင်္ကြန်အခါသမယရောက်တိုင်း မီးခိုးတလူလူနဲ့ချက်ကြပြုတ်ကြလှူကြဒါန်းကြနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေနိုင်ကြမှာပါ။

နန်းနှင်းသက်ဝေခိုင် ရေးသားသည်။

Leave a Reply

Your email address will not be published. Required fields are marked *