ကချင်ပြည်နယ်ကအကျဥ်းကျနေသူတွေရဲ့မိသားစုဝင်များနည်းလမ်းပေါင်းစုံဖြင့်ငွေးကြေးလိမ်လည်ခံနေရ

 ဩဂုတ် ၉ ၊ မိုးကောင်း 

ကချင်ပြည်နယ်အတွင်းရှိ  အကျဥ်းကျနေသူတွေရဲ့  မိသားစုဝင်တွေဟာ နည်းလမ်းပေါင်းစုံဖြင့် ငွေးကြေးလိမ်လည်ခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

အကြောင်းအမျိုးမျိုးကြောင့် အကျဥ်းချခံထားရတဲ့ မိသားစုဝင်တွေကို   ငွေကြေးလိမ်လည်သည့်အစုအဖွဲ့တွေက ဖုန်းမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားကာ  ကျန်းမာရေးအရသော်လည်းကောင်း၊ ထောင်က ထွက်ရတော့မည်ဟုဆိုကာ ငွေကြိုတင်လွဲခိုင်းပြီး လိမ်လည်ခံနေကြရတာပဲ ဖြစ်ပါတယ်။

အကျဥ်းကျနေသူတွေကို  မြန်မာနိုင်ငံ၏  နေ့ထူးနေ့မြတ်တွေနဲ့ အထိမ်းအမှတ်နေ့တွေမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာတွေကို အကြောင်းပြုပြီး လွတ်ငြိမ်းမှာပါလာဖို့အတွက် လုပ်ဆောင်ပေးမည်ဟု ပြောဆိုကာ ကြိုတင်ငွေလွဲခိုင်းပြီး လိမ်လည်နေတာတွေ ရှိနေတယ်လို့  သိရှိရပါတယ်။   

“ဦးတို့ရွာမှာက မူးယစ်ဆေးဝါးနဲ့ အဖမ်းခံရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူနဲ့တွဲတဲ့ အမှုတွဲကလည်း ထွက်ခဲ့ပြီ။သူ့ကိုကျတော့ ပိုက်ဆံ ခြောက်သိန်းလာပို့ ထွက်ရတော့မှာပေါ့နော့။ အဲ့လိုဆိုတော့ ပိုက်ဆံသွားပေးတာ  ပိုက်ဆံသွားပေးတဲ့အခါကျတော့ အဲ့ဒီကောင်တွေက လူလိမ်မှန်းဖြစ်တယ်။ အခုထက်ထိ အထွက်ရသေးဘူး အဲ့ဒီကောင်မ လေးက” လို့ လိမ်လည်မှုဖြစ်စဉ်ကိုသိတဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတစ်ဦးပြောပြပါတယ်။ 

အဆိုပါမိန်းကလေးအတူ အကျဥ်းကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးရဲ့  မိသားစုဝင်ကိုလည်း ငွေကြေးလိမ်လည်တောင်းခံမှုပြုလုပ်ခဲ့ပေမယ့် မိသားစုဝင်တွေက လိမ်လည်ခံရမှာ စိုးရိမ်တဲ့အတွက် ထိုငွေကြေးကိုမပေးခဲ့ဘူးလို့ အဆိုပါ သတင်းအရင်းအမြစ်၏ ပြောပြချက်အရ သိရှိရပါတယ်။

အခုရက်ပိုင်းမှာလည်း မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းကျနေသူတစ်ဦးဟာ  ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ထားရကြောင်း မိုးကောင်းမြို့နယ် ပြွန်သုံးလုံးကျေးရွာမှာနေထိုင်တဲ့  မိသားစုဝင်တွေဆီကို  ထောင်အရာရှိလို့ ပြောဆို ဆက်သွယ်လာပြီး ဆေးဖိုးစရိတ်ငွေကြေးအမြောက်အများတောင်းခံမှုတစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။   

မိသားစုတွေက  ဆေးဖိုးစရိတ်ငွေလွဲပြီး မြစ်ကြီးနားဆေးရုံကို လိုက်သွားပေမယ့် မြစ်ကြီးနားဆေးရုံကို အကျဉ်းကျနေသူ ရောက်လာခြင်းမရှိပဲ  ဖုန်းဆက်ငွေကြေးတောင်းခံ လိမ်လည်ခြင်းသာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိသူ မိုးကောင်းဒေသခံတစ်ဦးက ပြန်ပြောပါတယ်။ 

ယခုလို  အကျဥ်းကျနေသူတွေရဲ့  မိသားစုဝင်တွေကို ငွေကြေးလိမ်လည်တောင်းခံတာဟာ ထောင်ဝန်ထမ်းများနဲ့နီးစပ်သူတွေဖြစ်နိုင်သလို အပြင်လူတွေလည်း ဖြစ်နိုင်တယ်လို့လည်း ဝိုင်းမော်ဒေသခံတစ်ဦးက  မှတ်ချက်ပြုပါတယ်။ 

” တစ်ချို့တော့ ထောင်ဝန်ထမ်းနဲ့နီးတဲ့သူဖြစ်ချင်ဖြစ်၊ တစ်ချို့ကျတော့လည်း အဲ့ဒါ အပြင်ပကလူလိမ်တွေလည်းဖြစ်ချင်ဖြစ်နိုင်တယ်။ နှစ်မျိုးစလုံး ဖြစ်နိုင်တာပေါ့။”

မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော် စတဲ့မြို့နယ်တွေက အကျဉ်းကျနေတဲ့ မိသားစုတွေဆီကို ငွေကြေးတောင်းခံမှုတွေဟာ   မကြာခဏဖြစ်ပွားနေပြီး လိမ်လည်ခံရသူအများအပြားရှိနိုင်ပေမယ့် မီဒီယာတွေထံ ပြန်ပြောပြနိုင်ဖို့ လုံခြုံရေးအခက်အခဲ၊ အဆက်အသွယ်အခက်အခဲတွေ များစွာရှိတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *