ကချင်ပြည်နယ်တွင် Covid19 ရောဂါပိုးအတည်ပြုလူနာ စုစုပေါင်း ၄၅ ဦးထိရှိခဲ့ပြီး ပြန်လည်သက်သာလာသူ ၁၃ ဦးရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ထုတ်ပြန်ထားသည်။
စက်တင်ဘာလ (၂၉) ရက်နေ့ ညထုတ်ပြန်ချက်အရ ဖားကန့် ၊ မြစ်ကြီးနား ၊ မိုးညှင်းတို့တွင် အတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်တွင် လူနာသစ် (၂၃) ဦး ၊ မြစ်ကြီးနားတွင် (၁) ဦး နှင့် မိုးညှင်းမြို့နယ်တွင် (၂) ဦးတို့ပါဝင်သည်။
မိုးညှင်းမြို့နယ်အတွင်း အတည်ပြုလူနာများတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် (၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း မိုးညှင်းမြို့ပြည့်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာဖြူလေးဝေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့ပြင် ကချင်ပြည်နယ်တွင် အသွားအလာကန့်သတ်ထားသူ ၂၃၈၂ ဦးရှိပြီး မိုးညှင်းမြို့သည် ၆ဝ၈ ဦးဖြင့် အများဆုံးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Covid19 ရောဂါပိုးကူးစက်မှုသည် စက်တင်ဘာ ၂၉ ရက်နေ့ည ထိ ၁၂၄၂၅ ဦးရှိပြီး သေဆုံးသူ (၂၈၄) ဦးထိရှိလာခဲ့ပြီဖြစ်သည်။