ကချင်ပြည်နယ်မှ ရန်ကုန်-မန္တလေးစသည့်ဒေသသို့သွားလာသည့် အဝေးပြေးယာဉ်လိုင်းများ မနေ့က စတင်ပြီး ရပ်နားထားပြီး ပြည်နယ်အတွင်းသွားလာနေသည့် ကားလိုင်းများ ဆက်ရှိနေကြောင်း သိရသည်။
“ မန္တလေးကပိတ်လိုက်ပြီဆိုတော့ ရန်ကုန် တို့ မန္တလေးတို့ကို သွားလို့မရတော့ဘူးလေ။ ဖားကန့်နဲ့ တနိုင်းလိုင်းတွေက ဒီနေ့တော့ဖွင့်သေးတယ်။ ဖားကန့်က နည်းနည်းတော့ ကန့်သတ်မယ်ပြောတယ်။ အခုအတိုင်းဆိုရင်တော့ ဘယ်လိုလာအုံးမယ်မသိသေးဘူး ၊ အတိအကျကတော့ ဒို့ဆီမှာ စာတော့မရောက်သေးဘူး” ဟု မိုးညှင်းမြို့ ပုဂ္ဂလိကမော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးနေဝင်းကဆိုသည်။
ကချင်ပြည်နယ်အတွင်း သွားလာနေသည့် ယာဉ်လိုင်းများကို ရပ်နားရန်အတွက် လက်ရှိအထိ ညွှန်ကြားချက်မထွက်သေးကြောင်း ၎င်းကဆိုသည်။
အဝေးပြေးယာဉ်တချို့ ရပ်နားသွားသော်လည်း ကုန်စည်တင်သည့် ကားများ ဆက်လက်ထွက်နေသေးသည်။
“ ဒီနေ့ကတော့ ခရီးသည်တွေကို မတင်တော့ဘူး ကုန်တွေကိုပဲတင်တော့တယ်” ဟုရွှေကချင် ကားလိုင်းမှ မိုးညှင်းဂိတ်တာဝန်ခံ မဇင်မာလင်းကဆိုသည်။
ကချင်ပြည်နယ်အတွင်း လှည့်လည်သွားနေသည့် ကားယာဉ်လိုင်း ၂ဝ နီးပါးခန့်ရှိပြီး မိုးညှင်းတွင် ကားလိုင်း (၂) ခုရှိသည်။