ဇူလိုင် ၂၅ ၊ ဆင်ဘို
ဖုန်းနှင့်အင်တာနက်လိုင်းများအားလုံး ပြတ်တောက်နေသည့် ကချင်ပြည်နယ်အတွင်းမှာ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့တစ်ခုမှသာ ဖုန်းလိုင်းများပြန်လည်ရရှိလာတယ်လို့ ဒေသခံများရဲ့ ပြောဆိုမှုအရ သိရပါတယ်။
ကချင်ပြည်နယ်အတွင်းဇူလိုင်လ ၂၁ ရက်နေ့က စတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ပြီး ဆင်ဘိုမြို့နဲ့ ရှစ်မိုင်ပတ်လည် ပတ်ဝန်းကျင်တွေကသာ ဖုန်းလိုင်းများ ရနေသေးတာပဲ ဖြစ်ပါတယ်။
“ဒီမြို့တွင်းကြတော့ ရတယ်။ ဒီ ဆင်ဘိုနယ်ထဲက လေး ငါး ရှစ်မိုင်အကွာ ပတ်ဝန်းကျင် တစ်ဝိုက်လောက်တော့ အကုန်ရတယ်။ အဲ့ဒီ မြစ်ကြီးနားတို့ ဗန်းမော်တို့ အဝေးဘက် မရတာပဲ ရှိတယ်။ ဒီ မန္တလေး ရန်ကုန် အဲ့ဘက်ဆိုရင်လည်း ရသွားပြန်ပြီ။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဆက်သွယ်ရေးအော်ပရေတာများအားလုံး ပြတ်တောက်သွားမှုတွေကြောင့် မြို့ပေါ် ကျောင်းတက်နေတဲ့ ကျောင်းသူ/သားနဲ့ မိဘတွေကြား ဆက်သွယ်ဖို့၊ ကုန်ပစ္စည်းမှာယူဖို့ စတဲ့အခက်အခဲတွေကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“ သားသမီးတွေက တော်တယ်ဆိုတော့လည်း သားသမီးတွေက မြို့ထဲမှာ နေတာတွေ ပြောဖို့ ဆိုဖို့တွေ ဒါမျိုးအခက်အခဲတွေတော့ ရှိတာပေါ့။ ပစ္စည်းမှာဖို့ ပြုဖို့လေးတွေ ဒါမျိုးလေးတွေ ပြောလို့ မရတဲ့အခါကြတော့ အဲ့လိုမျိုးတွေကတော့ အခက်အခဲတော့ ဖြစ်သွားတာပေါ့။” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ မြို့နဲ့ ရှစ်မိုင်ပတ်လည်အတွင်း ဖုန်းဆက်သွယ်လို့ ရနေပေမယ့် အင်တာနက်လိုင်းများကိုတော့ အသုံးပြုလို့ မရဘူးလို့လည်း သိရှိရပါတယ်။
ဆင်ဘိုမြို့မှာ MPTနှင့် ATOM(တယ်လီနော) ဆက်သွယ်ရေးအော်ပရေတာတွေ အသုံးပြုလို့ ရနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာများ ပြတ်တောက်သွားတာနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အကြောင်းအရင်းကိုတော့ ယနေ့အချိန်အထိ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလမှာ ကချင်ပြည်နယ်အတွင်း သီတင်းတစ်ပတ်ခန့် အင်တာနက်လိုင်းများပြတ်တောက်ဖူးခဲ့ပြီး အခုလိုအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံရတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ပြတ်တောက်မှုအကြိမ်ပေါင်း (၂၄၅)ကြိမ်နဲ့အထက်ဖြစ်ပွားခဲ့မှုမှာ ကချင်ပြည်နယ်က အင်တာနက်ဖြတ်တောက်ခံရမှုအများဆုံးဖြစ်ပြီး အနည်းဆုံးအကြိမ်(၃၀) ၊ ရာခိုင်နှုန်းအားဖြင့် (၁၂.၂)ရာခိုင်နှုန်း ရှိခဲ့တယ်လို့ Myanmar Internet Project ရဲ့ စာရင်းပြုစုထားမှုတွေအရ သိရပါတယ်။