
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်က ကနန်းဒေသစိတ် လိပ်စောကျေးရွာမှာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနက ထောက်ပံ့မှုနဲ့ ဒေသခံတွေရဲ့ ထည့်ဝင်ငွေတွေပေါင်းပြီး ကနန်းဒေသ ခန်းမအဆောက်အဦးကို တည်ဆောက်ပြီးစီးခဲ့ပြီလို့သိရပါတယ်။
ဒီခန်းမမှာ ကနန်းတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေ စုဝေးတဲ့နေရာအဖြစ်လည်း အသုံးပြုနေတာဖြစ်တယ်လို့ ကနန်းစာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပြပါတယ်။
“ ကျွန်တော်တို့ လူမျိုးစုရဲ့ သမိုင်းရော ယဉ်ကျေးမှုရော ရိုးရာရော တစ်စုတည်း တစ်ညီတည်း လုပ်လို့ရတဲ့ခန်းမဆောင်ပေါ့ နောက်မို့ဆိုရင် ဒီခန်းမဆောင်မရှိရင် ဘုန်းကြီးကျောင်းတွေတက် အိမ်တွေမှာ ဒါမှမဟုတ် ကျေးရွာက ခန်းမတွေမှာလုပ်ရတာတယ်။ အခုတော့ ဒီခန်းမဆောင်ကနေကျွန်တော်တို့အားလုံးစုဆုံနိုင်မယ့်နေရာပေါ့ လို့ သူကပြောပြပါတယ်။
အဲ့ဒီခန်းမမှာ စာပေယဉ်ကျေးမှုရုံးခန်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးခန်း၊ရိုးရာပွဲတော်ရုံးခန်း၊ ဧည့်သည်တော်များရုံးခန်းစသည်ဖြင့် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက ရံပုံငွေ သိန်း ၂၅၀ နဲ့ ဒေသတွင်း ကျေးရွာသားတွေနဲ့ ရွှေလုပ်ငန်းရှင်တွေရဲ့ ထည့်ဝင်ငွေ သိန်း ၂၅၀ ကျော် စုစုပေါင်း သိန်း ၅၀၀ ကျော်နဲ့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။