ကနန်းဒေသမှာကိုယ်ထူကိုယ်ထကျောင်းတွေပြန်ဖွင့်နေရ 

နန်းဇားကျေးရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းသားများ Phot/ Moe Min Kyaw

ဗန်းမောက်မြို့နယ် အနောက်တောင်ဘက်မှာရှိတဲ့ ကနန်းဒေသရဲ့ ပညာသင်ကြားရေး နှောင့်နှေးမှုမရှိစေဖို့အတွက် ကိုယ်ထူကိုယ်ထ သင်ကြားနေကြတယ်လို့ သိရပါတယ်။ 

“ အခုလောလောဆယ်က ဘယ်လိုဖြစ်နေလဲဆိုရင် စာသင်ကျောင်းတွေက ကိုယ်စီကိုယ်စီကိုယ့်ရဲ့ စာသင်ကျောင်းတွေက သူတို့သား/သမီးအကုန်လုံးဒီအတိုင်းထားလို့မဖြစ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖွင့်ကြတယ်။ ဥပမာ-ဘယ်လိုလဲဆိုလို့ရင် နန်းဇားရွာမှာရှိတဲ့ ကျောင်းသားတွေကို ကျောင်းဆက်ထားကြတာပါ့၊ နောက်ပြီးတော့ နန်းဇားရွာမှာရှိတဲ့ ဆယ်တန်းအောင်ထားတဲ့ ပုဂ္ဂိုလ်တွေကဒါအတတ်နိုင်ဆုံးဝိုင်းပြီးတော့မှ စာသင်ပေးကြတာ” လို့ နန်းဇားဆရာတော်က မိန့်ကြားပါတယ်။ 

ကနန်းဒေသအတွင်းက ကျောင်းတွေမှာ စာသင်ကြားမယ်ဆိုရင်  သင်ကြားပေးတဲ့ဆရာ/မတွေရဲ့ လစာတစ်ဝက်ကို PDF အဖွဲ့တွေဆီကို ပေးရမယ်လို့ ကနန်းလူကြီးတွေနဲ့ PDF တွေငြိနှိုင်းထားမှုကြောင့် ဆရာ/မအများစုက လာရောက်သင်ကြားခြင်းမရှိသလို တချို့ဆရာတွေလည်း ပြန်လည်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ 

ကနန်းဒေသတွေမှာ ဆရာ/မတွေလျော့နည်းလာပြီးတဲ့နောက် ကျောင်းတွေပိတ်ရမယ့်အနေအထားတွေရှိနေပေမယ့် ဒေသတွင်းဆရာတော်တွေနဲ့ ကျောင်းသားမိဘတွေက ကျောင်းဆက်လက်ဖွင့်ထားနိုင်ရေး အတွက် ကျေးရွာအတွင်းက ၁၀ တန်းအောင်မြင်ပြီးသူတွေကို အကူအညီတောင်းပြီး စာသင်ကြားနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီလိုဖွင့်လှစ်သင်ကြားနေမှုကိုလည်း စစ်ကောင်စီပညာရေးဌာနက အသိအမှတ်ပြုပြီး အတန်းတင် စာမေးပွဲဖြေဆိုမှုတွေကိုပါ ခွင့်ပြုပေးဖို့အတွက် သွားရောက်ငြိနှိုင်းကြမယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သင်ကြားပေးနေတဲ့ သူတွေကိုလည်း လက်ရှိမှာထောက်ပံ့ပေးနိုင်ခြင်းမရှိတာကြောင့် လစာဒါမှမဟုတ် တစ်စုံတစ်ရာထောက်ပံ့ပေးမှုတွေကို ပြုလုပ်ပေးဖို့လိုလားတယ်လို့ဆိုပါတယ်။ 

လက်ရှိသင်ကြားမှုတွေကတော့ ယခင်က ရှိထားပြီးသား သင်ရိုးညွှန်းတမ်းစာအုပ်တွေအတိုင်းသင်ကြားနေကြတာလည်းဖြစ်တယ်လို့ ဆရာတော်ကဆိုပါတယ်။ 

“ ပြဿနာတွေမဖြစ်စေကြဖို့ ၊​နားလည်မှုတွေရှိစေချင်တာပေါ့လေ။  ဒီကလေးတွေရဲ့အပေါ်မှာလေ။ ကနန်းပြည်သူကလည်း အေးအေးဆေးဆေးနေချင်ကြတယ်။ ရှေးယခင်ကတည်း အေးအေးဆေးဆေးဝမ်းစာရှာပြီးတော့မှ ဝမ်းစာရှာပြီးတော့မှ စားကြသောက်ကြနေကြတာပေါ့လေ။အဲ့လိုဆိုလုံလောက်ပါတယ်။  ရှုပ်ထွေးမှုပုံစံကိုမလိုချင်ကြဘူး။ ဘယ်ဘက်မှလည်းမဝင်ပါဘူး။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေချင်ကြတာ” လို့ နန်းဇားဆရာတော်က မိန့်ကြားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *