ဇူလိုင် ၁၈ ၊ ကသာ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာမြို့တွင်းကို စက်သုံးဆီတွေ ရောက်ရှိဖို့အတွက် ကျေးရွာကွင်းလမ်းကနေ သယ်ဆောင်နေကြရတယ်လို့ ကသာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။
တော်လှန်ရေးအင်အားစုတွေက မန္တလေး-မြစ်ကြီးနားလမ်းမပေါ်မှာရှိတဲ့ နဘားလမ်းဆုံမှာ စက်သုံးဆီတင်ဆောင်တဲ့ ဆီဘောက်ဆာကားနဲ့ ကားကြီးတွေကို ကသာမြို့သို့ သယ်ယူခွင့် ပိတ်ပင်တားဆီးထားတဲ့အတွက် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။
“ တုံဖုန်းတို့ ဘာတို့ကြတော့ တစ်ချို့ ရွာလမ်း၊ ကွင်းလမ်းကနေပါ့ညယ်။ အဲ့လို ခရီးကြမ်းလမ်းက ဝင်တာပါ့။ ခြောက်ဘီးကားတို့ဘာတို့ ဆီကားကြီးတွေကတော့ ပုံမှန်ဆိုရင် လမ်းမကြီးကနေ ဝင်တာလေ။ အခုက လမ်းမကြီးကနေ မဝင်ရဘူးလေ။ လမ်းမကြီးကနေဝင်လို့မရတော့ ဟိုဘက်လမ်းက ကွင်းဝင်၊ ဒီဘက်လမ်းကနေ ကွင်းဝင်ပါ့ညယ်။”
ကသာမြို့အတွင်း တစ်လနီးပါးကြာ လမ်းပိုင်းပိတ်ပင်ထားမှုကြောင့် စက်သုံးဆီဆိုင်ကြီးတွေမှာ သိုလှောင်ထားတဲ့ လက်ကျန်စက်သုံးဆီတွေနဲ့ လက်ရှိကျေးရွာကွင်းလမ်းကနေ ဝင်လာတဲ့ စက်သုံးဆီတွေကိုသာ အားထားနေရတယ်လို့လည်း ကသာမြို့ခံတစ်ဦးက ဆိုပါတယ်။
“ ဆီဆိုင်ကြီးတွေက အရင် လှောင်ထားတဲ့ဥစ္စာတွေနဲ့ သုံးနေတာပဲမောင်။ ဒါပေမယ့် တစ်ချို့ နည်းလမ်း အချို့နဲ့ကတော့ ဝင်တော့ဝင်ပါတယ်။ အခုလောလောဆယ်ကတော့ ကားကြီးတွေ၊ ဆီကားကြီးတွေကတော့ မရဘူး။”
တော်လှန်ရေးအင်အားစုတွေက စက်သုံးဆီတွေကိုသာ အဓိက ပိတ်ပင်တားဆီးထားပြီး တစ်ခြားကုန်ပစ္စည်းတွေကိုတော့ ကုန်သွယ်ခွင့် ပေးထားတယ်လို့လည်း သိရှိရပါတယ်။
“ကုန်တွေဘာတွေကတော့ ဝင်နေတယ်။ ကျန်တဲ့ဟာတွေကတော့။ ဒီလောက်ကြီး ပိတ်တယ်မရှိဘူး။ အဓိကတော့ ဆီပဲ ပိတ်တယ်ကြားနေတယ် အခုက။”
ကသာမြို့တွင်းမှာ ၉၂ ဓာတ်ဆီ တစ်ဂါလံကို သုံးသောင်းနှစ်ထောင် ပေးဆောင်နေရတယ်လို့လည်း သိရှိရပါတယ်။
နဘားလမ်းဆုံနှင့် မိုင်အနည်းငယ်အကွာရှိ နန့်စီးအောင် စုပေါင်းဂိတ်မှာလည်း ကချင်ပြည်နယ်ထဲဝင်မယ့်စက်သုံးဆီ ဘောင်ဆာကားများကို စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။
ယခုလ ဇူလိုင်လဆန်းမှာ ယခုလို စက်သုံးဆီကုန်သွယ်ခွင့် ပိတ်ပင်တားဆီးမှုတွေကြောင့် ဆီကုန်သည်တွေနဲ့ ဒေသခံလူတွေပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို ဗန်းမောက်တောင်ပိုင်း ပါယကျေးရွာအနီးနှင့် ဗန်းမောက်အရှေ့ပိုင်း ခေါင်းကိုက်လမ်းခွဲတွေမှာ ဆန္ဒပြုမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။