ငြိမ်းချမ်းရေးတွင် EAO များ ပိုမိုပါဝင်ရေး ၊ ယုံကြည်မှုတည်ဆောက်ရေးအတွက်  NSPNC နဲ့ 7 EAO Alliance ဆွေးနွေး

အောက်တိုဘာ ၁၊ ရန်ကုန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) များ ပိုမိုပါဝင်လာစေရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ NSPNC  နဲ့ 7 EAO Alliance တို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဆွေးနွေးပွဲကို စက်တင်ဘာ(၂၉) နဲ့ (၃၀) ရက်နေ့ တို့မှာ နှစ်ရက်တာကျင်းပခဲ့ပြီး ရန်ကုန်မြို့ရှိ NSPNC ရဲ့ ဗဟိုဌာနရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်တွေကို နှစ်ဦးနှစ်ဖက် ဖော်ဆောင်ရေးနဲ့ တခြား EAO များ ပိုမိုပါဝင်လာစေရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ 7 EAO Alliance အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ 

NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးခဲ့တဲ့ အချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အခုတွေ့ဆုံမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီးတော့ 7 EAO Alliance အပြင် တစ်ဖွဲ့ချင်းစီနဲ့ပါ NSPNC က တွေ့ဆုံမှုတွေရှိထားတာလည်းဖြစ်ပါတယ်။ 

ဆွေးနွေးပွဲမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အဖွဲ့တွေကြား မတူညီတဲ့ ရည်မှန်းချက်နဲ့ လိုလားချက်တွေကို ဘုံနိုင်ငံရေးမူဘောင်တစ်ခုအဖြစ် သတ်မှတ်နိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကော်မတီဖွဲ့စည်းရေး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူထုအခြေပြု ဆွေးနွေးပွဲဖိုရမ်တွေ ကျင်းပတဲ့အခါ သက်ဆိုင်ရာ NCA-S EAOs အဖွဲ့တွေ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

 ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ( NMSP)၊ လားဟူအမျိုးသားအစည်းအရုံး (LDU) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ NCA-S EAOs အဖွဲ့ကညှိနှိုင်းရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပရန် စီမံဆောင်ရွက်နေတဲ့အခြေအနေများကို NCA အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ပြောကြားခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *