
အောက်တိုဘာ ၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်တောင်းပိုင်းဒေသက ဒယူး ငါးရွာအုပ်စုမှာ KIA ဦးဆောင်တဲ့ တပ်တွေကာ စက်တင်ဘာလ ကုန်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောဆိုပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဒယူးငါးရွာအုပ်က ရွာသား ၃၀ ကျော်ကို လုပ်ငန်းခွင်တွေအတွင်းဝင်ရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ ကျမတို့ ရွာ ၅ ရွာကို (KIA/PDF)အဖွဲ့တွေ လာပြီးတော့ဖမ်းခေါ်သွားတာ မှန်တယ်။ တစ်ရွာဝင်တစ်ရွာထွက်ပါ ကားနဲ့လာခေါ်သွားတာ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဖမ်းဆီးခံရတဲ့ ဒယူး ငါးရွာမှာ ညောင်ကုန်း၊ တောင်လယ်၊ အင်ကြင်းကုန်း၊ ပိန္နဲကုန်း နဲ့ ရွာမကျေးရွာများ ဖြစ်ကြတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောပြပါတယ်။
” အဖမ်းဆီးခံရတဲ့ထဲမှာ အုပ်ကြီး (သူကြီး) ရဲ့သားလဲပါတယ်။ တောင်လယ်ကျေးရွာကတော့ တော်တော်များတယ် ၊ဖမ်းသွားတာက အခုက ဆက်သွယ်လို့လဲမရ ဘယ်ကိုဖမ်းသွားတယ်ဆိုတာလည်း မသိရဘူး။ ၂ ရက် ၃ ရက်ရှိပြီ ဖမ်းသွားတာ”လို့ ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ ၃၀ ကျော်ကို မိသားစုတို့က လိုက်လံစုံစမ်းနေပေမယ့် ဒီနေ့အထိ အဆက်သွယ်မရှိသေးကြောင်း သိရပါတယ်။
” ပိန္နဲကုန်းက အဒေါ်ဆိုပိုဆိုးတယ်။ အမေတစ်ယောက် သားတစ်ယောက်ပဲရှိတာ သူအမေကလဲ အသက် ကြီးနေပြီ၊ ၆၀ ဝန်းကျင်လောက်ရှိပြီ အဲဒါတွေလဲ ဖမ်းခေါ်သွားတာပဲ” လို့ သူကဆက်ပြောပါတယ်။
ဗန်းမောက်မြို့နယ်တောင်ပိုင်း နဲ့ မြောက်ပိုင်းဒေသတွေကို KIA+PDF တပ်တွေက ထိန်းချုပ်ထားပြီး တပ်သားသစ်အတွက် ယခင်နှစ်တွေက တစ်ရွာကို ငါးဦးနှုန်းနဲ့ ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာ နဲ့ အောက်တိုဘာလတွေအတွင်းမှာ ဗန်းမောက်မြို့ပေါ်ကို KIA ဦးဆောင် သိမ်းပိုက်ခဲ့ပြီး ၂၀၂၆ ခုနှစ်စမှာ ပြန်လည်လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။
ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသကို ၂၀၂၃ ခုနှစ်ကစပြီး KIA+PDFများထိန်းချုပ်ခဲ့ကာ ၃ နှစ်ကျော် ကြာထိန်းချုပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။
