ကသာမြို့အတွင်းပိုင်းထိ  KIA + PDF တပ်များ ဝင်ရောက်

ဇန်နဝါရီ ၂ ၊ ကသာ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာမြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲကို  (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၉ )ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ကြပြီး လက်ရှိမြို့အတွင်းပိုင်းအထိဝင်ရောက် တိုက်ခိုက်နေတယ်လို့ဒေသခံ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ 

ဒီဇင်ဘာလ နောက်ဆုံးနေ့မှာ  မြို့အနီးဝန်းကျင်အပြင် မြို့ထဲအထိ တိုက်ပွဲဖြစ်လာသလို   KIA/PDF ပူးပေါင်း တပ်ဖွဲ့များဟာ  ခမရ (၃၀၉) ကိုဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

မနေ့က ဇန်နဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် မြို့အတွင်းနေရာအများစုကို ထိန်းချုပ်ထားနိုင်တယ်လို့ဆိုပါတယ်။ 

ကသာမြို့အလုံးစုံ သိမ်းပိုက်ရရှိနိင်ရေးအတွက် KIA+ PDF ပူးပေါင်းတပ်များအင်အားများထပ်မံဖြည့်တင်းတိုက်ခိုက်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပြင်းပြင်းထန်ထန်ခုခံနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ကသာ-အင်းတော်လမ်းပိုင်းကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမများနဲ့ ထွေအုပ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးဌာနက ဝန်ထမ်းများကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးထားတယ်လို့ ဝန်ထမ်းတွေနဲ့ နီးစပ်သူထံများမှ သိရပါတယ်။ 

ကသာစစ်ဘေးရှောင်အချို့ကိုတော့ NUG ရဲ့ လူသားချင်းစာနာမှုဌာန နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။ 

မြို့တွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဘုန်းကြီးကျောင်းတွေနဲ့ အဆောက်အဦး ၊လူနေအိမ်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။ 

ကသာမြို့နယ်မှာ ဒီဇင်ဘာလ (၂၈ )ရက်နေ့က ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲပြီးပြီးချင်းမှာပဲ မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာခဲ့တာပါ။ 

ကသာခရိုင်အတွင်းမှာ ဗန်းမောက် နဲ့ အင်းတော်မြို့တွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး  ယခုကသာမြို့မှာလည်း မြို့အတွင်းထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *