ဩဂုတ် ၉ ၊ ဖားကန့်
ဖားကန့်မြို့နယ် ကသိုင်းတောင်ရှိ စစ်ကောင်စီစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ပြီး တိုက်ပွဲကြောင့် နမ့်မှော်နှင့် မှော်ကလင် ဒေသခံ ၇၀၀ နီးပါးဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ဘေးရှောင်များကို ကူညီပေးသူတွေရဲ့စာရင်းများအရ နမ့်မော်ကျေးရွာ ၊ မှော်ကလင်ကျေးရွာနှစ်ရွာက အိမ်ထောင်စု ၃၈၀ စုရှိပြီး အမျိုးသား ၁၀၀၈ ဦး နှင့် အမျိုးသမီး ၇၄၂ ဦးဟာ မှော်ရှန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေဟာ ဩဂုတ်လ ၇ ရက်နေ့ကစတင် ပြေးလာပြီး ဩဂုတ်လ ၈ ရက်နေ့မှာ တစ်ရွာလုံးနီးပါး တိမ်းရှောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ စစ်ပြေးဒုက္ခသည်တွေကတော့ မှော်ရှန်ဘုန်းကြီးကျောင်းထဲမှာလေ။ နမ့်မှော် မော်ကလင် အဲ့ကတွေပါ့၊ တော်တော်များတယ်နော် ဘယ်လောက်လောက်ရှိမလဲပါ့ ၊ လေးငါးရှစ်ရာလောက်ရှိမလားပါ့။ နန့်မှော်တစ်ရွာလုံးပါ့ ဘုရားတောင်ကလည်း ဟိုဘက် တာမခံဘက်ကို ပြေးတဲ့ဟာ ပြေးတာပါ့” လို့ ဖြစ်စဉ်ကို သိတဲ့ ဆိပ်မူဒေသခံတစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ကသိုင်းတောင်စခန်းကို KIA+PDF တွေက သိိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီက စခန်းပြန်ရဖို့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
မနေ့က ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ပြီး စခန်းကို ပြန်ရသွားတယ်လို့ဆိုပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
“ကသိုင်းတောင်ကတော့ မနေ့က တော်တော်ဆော်တယ်။ အခုလောလောဆယ်တော့ နားသွားပြီလေ။ ပြန်ရသွားပြီဆိုတာကလည်း မရဘဲ ဘယ်နေမလဲအေး လေယာဉ်နဲ့ အုတ်ပစ်တယ်ဆိုမှာတော့ မနေ့ကတော့ လက်နက်ကြီးနဲ့ တခြိမ်းခြမ်းထုတာပါ့ ၊ နှစ်ရက်ရှိသွားပြီနော့်ထုတာက” လို့ တိုက်ပွဲဖြစ်စဉ်အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ကသိုင်းတောင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးနဲ့ သူမိသားစုတွေဖမ်းဆီးခံခဲ့ရပြီး တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။