မိုးသည်းထန်စွာရွာပြီး ကာမိုင်းမြို့ကို စီးလာတဲ့ချောင်းတွေ ရေတက်မှုဖြစ်ပေါ်နေတာကြောင့် လယ်ဧက ၁၀၀၀ နီးပါး ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ အခုလောလောဆယ်တော့ အဲ့လိုပျက်စီးမှုတွေကတခြားတော့မဟုတ်ပါဘူး ဟိုဘာလဲ စပါးခင်းတွေ ဘာတွေမြှုပ်တာတော့ရှိတာပါ့ စပါးခင်းမြှုပ်တာက ပြောမယ်ဆိုရင်တော့ ဧကတစ်ထောင်ကျော်တော့ ရှိမယ်ထင်တယ်ကော ခန့်မှန်းခြေ” လို့ ကာမိုင်းမြို့က ရှမ်းနီတောင်သူ တစ်ဦးက ပြောပြပါတယ်။
ရေနစ်မြှုပ်နေတဲ့ လယ်တွေက ရေလွမ်းနေတဲ့အချိန်ကြာမြင့်နေရင် ပျက်စီးမှုကြီးမားနိုင်တယ်လို့ ဆိုကြပါတယ်။
ဒီလယ်ကွက်တွေကို ရေနစ်မြှုပ်နေတာ ၂ ရက်ရှိနေပြီး ရေအမြင့် ၂ ပေခွဲကျော်ရှိနေတယ်လို့လည်း ပြောဆိုနေကြပါတယ်။
“ လယ်သမားတွေက တခြားတော့မဟုတ်ပါဘူး ရေမြန်မြန်လျော့လို့ တကယ်လို့များ ကောက်ပင်သေသွားပြီဆိုရင်တော့ နောက်တစ်သုတ်ပြန်လုပ်ကြတာပေါ့” လို့ သူကဆိုပါတယ်။
ကာမိုင်းမြို့ကို နန့်ယားဘက်က စီးဆင်းလာတဲ့ချောင်း ၊ တနိုင်းမြို့ ကနေ စီးဆင်းလာတဲ့ချောင်း နဲ့ အင်းတော်ကြီးဒေသကနေ စီးဆင်းလာတဲ့ချောင်းတွေက ရေကြီးနေတာကြောင့် ကာမိုင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကာမိုင်းမြို့က လယ်ကွက်တွေမှာ ရေနစ်မြှုပ်မှာတွေက နစ်စဉ်ဖြစ်ပွားနေတာဖြစ်ပြီး ၂၀၀၂ ခုနှစ်က ရေနစ်မြှုပ်မှာ (၂) လအကြာထိဖြစ်ပွားမှုက ရက်အကြာဆုံးအဖြစ်အပျက်လို့လည်း သိရပါတယ်။