ကိုယ်ထူကိုယ်ထတည်ဆောက်နေသည့်ခေါင်ဖူးဘုရားတံတားကိုလာမည့်ပွင့်လင်းရာသီမှာပြန်လည်စတင်တည်ဆောက်မည်

အောက်တိုဘာ ၅ ၊ တာလောကြီး 

မြစ်ကြီးနားမြို့  တာလောကြီးကျေးရွာနှင် ခေါင်ဖူးကျေးရွာ ၊ ခေါင်ဖူးဘုရားကို  သွားလာနိုင်ဖို့အတွက် ကိုယ်ထူကိုယ်ထ တည်ဆောက်နေတဲ့  တံတားကို လာမယ့်ပွင့်လင်းရာသီမှာ ပြန်လည်စတင်တည်ဆောက်မည်လို့ ခေါင်ဖူးဘုရားတံတား တည်ဆောက်ရေး ကော်မတီတွေဆီကနေ သိရှိရပါတယ်။ 

“ မနှစ်ကနေ စလုပ်တာပေါ့။ ဆောင်းရာသီမှာ စဖြစ်တာပေါ့လေ။ ရေနည်းတဲ့အချိန်မှာပဲ လုပ်ဖြစ်တာပေါ့။ အခုလည်း လာမယ့် ဒီသီတင်းကျွတ်နောက်ပိုင်းဆို ပြန်ဆက်လုပ်မယ်။ ဒီမိုးရာသီမှာတော့ ခဏနားထားတာပေါ့။ ပိုက်ဆံပြန်စုတာပေါ့။” လို့ တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး ကပြောပါတယ်။ 

လက်ရှိ တံတားတိုင် ၆ တိုင်စိုက်ထားပြီး  သံဘောင်တင်ထားပြီး အခင်းအနေနဲ့ သုံးခန်းပြီးစီးထားတယ်လို့ သိရပါတယ်။ 

  “အခုဟာက တစ်ခန်းကို ပေ ၄၀ ခြောက်ခန်းကတော့ တိုင် စိုက်ပြီးပြီ။ ခင်းတာကတော့ သုံးခန်းကတော့ ခင်းထားပြီ။ အဲ့လောက်ပဲ ပြီးသေးတယ်။ ခြောက်ခန်းစလုံးက သံဘောင်တွေ တင်ထားပြီးပြီ။” လို့ သူကဆက်ပြောပါတယ်။

ကိုယ်ထူကိုယ်ထ ခေါင်ဖူးဘုရားတံတား ဖြစ်မြောက်ဖို့အတွက် ဝန်းသိုဆရာတော်ဘုရားကြီး၏ တပည့်သံဃာတွေကနေ ဦးစီးပြီး အလှူငွေတွေ ရရှိဖို့အတွက် လုပ်ဆောင်ပေးနေတာလို့ သိရပါတယ်။ 

ပြင်ပအလှူရှင်တွေနှင့် ကချင်ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေက လာရောက်လှူဒါန်းတာ ရှိပေမယ့် အစိုးရဘတ်ဂျက်အနေနဲ့ ချပေးတာမျိုး မရှိသေးဘူးလို့လည်း ၎င်းက ဆက်လက်ရှင်းပြခဲ့ပါတယ်။

တံတားတည်ဆောက်ပေးဖို့အတွက် ၂၀၁၇ ခုနှစ်ကတည်းက အစိုးရအဆက်ဆက်ကို စတင်တောင်းဆိုခဲ့ပြီး ဘတ်ဂျက်ချမပေးခဲ့သည့်အတွက် ယခုလို ကိုယ်ထူကိုယ်ထ တည်ဆောက်ရတာလို့လည်း သိရှိရပါတယ်။

တာလောကြီး-ခေါင်ဖူးကျေးရွာဟာ ဧရာဝတီမြစ်ကျိုးအင်းခြားနေပြီး ဆောင်းရာသီမှာ ဒေသခံတွေကကိုယ်ထူ ကိုယ်ထ ဝါးတံတားထိုးပြီး သွားလာခဲ့ရတာ ဆယ်စုနှစ်တစ်ခုနီးရှိနေပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *