ဇူလိုင်၂၊ဟုမ္မလင်း
စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းပေါ်မှာ ကုန်တင်ကားများ ရာချီ ပိတ်မိနေသောကြောင့် မြို့နယ်အတွင်း စက်သုံးဆီတချို့ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရသည်။
ဇွန်လ ၂၈ ရက်နေ့တွင် ဖောင်းပြင်-ဟုမ္မလင်းလမ်း ပိတ်မိထားသည့်အတွက် တချို့ဆီဆိုင်တွေ ပိတ်ထားရတယ်လို့ ဟုမ္မလင်းဒေသခံများက ပြောဆိုသည်။
“ ကားတွေ ရာဂဏန်းလောက် ပိတ်နေတယ် ကြားတယ်။ အခု ဒီမှာ ပစ္စည်းတွေ မရောက်ဘဲနဲ့ တစ်ချို့ဆီဆိုင်တွေတောင် ဆီတွေပြတ်လို့ ဟိုမှာကောက်(ပန့်ဆိုင်) တွေတောင် ပိတ်ထားတယ်ကော။ အားလုံးတော့ မဟုတ်ဘူးပေါ့လေနော။ သူတို့ဆီပြတ်တဲ့ ဆိုင်တွေတော့ ပိတ်ထားတယ်။” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။
ဖောင်းပြင်နှင့် ဟုမ္မလင်း လမ်းပိုင်းပိတ်ထားသည့်နေရာကို အတိအကျမသိရသေးသလို ဆက်သွယ်ဖို့အတွက်လည်း ဖုန်းလိုင်းများပြတ်တောက်နေသည်။
ဖောင်းပြင်-ဟုမ္မလင်းလမ်းပိုင်း မဟာဗျူဟာကားလမ်းအနီးရှိ ကျေးရွာများနှင့် ချင်းတွင်းမြစ်အနောက်ခြမ်းကျေးရွာများတွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဇွန်လ ၂၈ ရက်နေ့မှာ တို လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့ စုံစမ်းသိရသည်။
ဟုမ္မလင်းမြို့နယ်ထဲ၏ လိုအပ်သည့် စက်သုံးဆီများကို မုံရွာ နှင့် မန္တလေးမြို့နယ်မှ ကုန်းလမ်း၊ ရေလမ်းများဖြင့် သယ်ယူနေရပြီး လက်ရှိမှာ လမ်းခရီးအခြေအနေပေါ်မူတည်ပြီး အသုံးပြုနေရကြောင်း ကုန်သည်တစ်ဦးက ပြောသည်။
“ ဘယ်လမ်းကြောင်း ရမလဲမောင် ရေလမ်းပေါက်ရင် ရေလမ်း သွားတာပါ့။ ကုန်းလမ်းပေါက်ရင် ကုန်းလမ်းသွား။ ရေလမ်း နှင့် ကုန်းလမ်း အဆင်ပြေတဲ့ဆီ သွားရတာပါ့။” လို့ ၎င်းကဆိုသည်။
ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီအသုံးပြုမှုများပြားပြီး နေ့စဉ်ဓာတ်ဆီအမျိုးမျိုး ဂါလံထောင်နှင့်ချီအသုံးပြုပြီး ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသတစ်ခုလည်းဖြစ်သည်။