ကောလင်းမြို့နယ်က CDM ကျောင်းဆရာမတစ်ဦး အလုပ်နှင့် ထောင်ဒဏ် (၇) နှစ်ချမှတ်ခံရ

မေ ၄ ၊ ကောလင်း

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင်နေထိုင်သူ  CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတရားရုံးက  မေလ (၂) ရက်နေ့မှာ  အလုပ်နှင့်ထောင်ဒဏ် (၇)​နှစ်ချမှတ်လိုက်တယ်လို့ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏  စာသင်ကျောင်းများမှာ တရားမဝင် စာသင်ကြားပေးခဲ့မှု ၊ PDF တပ်ဖွဲ့များရှိကြောင်းသတင်းပေးပို့ဖို့  ပျက်ကွက်ခဲ့မှုများကြောင့် အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်နှင့် ထောင်ဒဏ် (၇) နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီရဲ့သတင်းများထုတ်ပြန်နေသည့် Telegram စာမျက်နှာမှာဖော်ပြထားခြင်းဖြစ်သည်။ 

CDM ကျောင်းဆရာမ မလင်းလဲ့လဲ့လွင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ တွင် ကောလင်း-မန္တလေးလိုင်းကားဖြင့် လိုက်ပါလာပြီး ရွှေဘိုမြို့အဝင်မှာ စစ်ကောင်စီ တပ်ဖွဲ့များ၏ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

မလင်းလဲ့လဲ့လွင် သည် NUG ၏ စာသင်ကျောင်းတွေမှာ သင်ကြားတဲ့ အထောက်အထားများဖြင့် တွေ့ရှိခြင်းကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက  ဖမ်းဆီးပြီးနောက် သတင်းထုတ်ပြန်ထားသည်။  

ဖမ်းဆီးပြီးနောက်ပိုင်း  စစ်ကောင်စီက ပြန်ထုတ်ပြန်ခဲ့သည့် ဆရာမ မလင်းလဲ့လဲ့လွင်ရဲ့ ဝန်ခံချက်ရုပ်သံဖိုင်အရ ၂၀၂၂ ခုနှစ်မှာ ကုက္ကိုကုန်းကျေးရွာရှိ  NUG စာသင်ကျောင်းမှာ KG အတန်း ကျောင်းသူ/သား (၂၀)ဝန်းကျင်ဖြင့်  သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မလင်းလဲ့လဲ့လွင်သည် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ  ပညာရေးဘွဲ့ရပြီး  ကောလင်းမြို့နယ် ဥက္ကံကျေးရွာမှာ အထက်တန်းပြရာထူးဖြင့် ၂၀၂၀ ခုနှစ်မှာ တာဝန်စတင်ထမ်းဆောင်သူလည်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပထမ သုံးလပတ်အတွင်းမှာ စစ်ကောင်စီက  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အွန်လိုင်းပေါ်စာရေးသားဖြန့်ဝေသူ၊ CDM များနှင့် လူငယ်များကို  ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၅၂ (က) ၊ ပုဒ်မ ၅၀ (ည) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း ဖမ်းဆီးခံရသည့် အသိုင်းအဝိုင်းများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *