ဖေဖော်ဝါရီ ၂၇ ၊ ကောလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ကောလင်းဒေသခံများ နေရပ်တိမ်းရှောင်ရမှု ပိုများပြားလာနေတယ်လို့ သိရပါတယ်။
NUG တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းယူစဉ် မြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံတွေက မြို့နှင့် ဆယ်မိုင်အကွာရှိကျေးရွာတွေဘက်ကို စစ်ဘေးရှောင်တိမ်းနေကြရတာလည်းဖြစ်ပါတယ်။
“ နီးစပ်ရာတွေပါ ကိုယ်တွေလဲ ရွာနာမည်အားလုံးမှမသိတာ၊ အဲ့ဒီ ခမောက်တောင် အနောက်ဘက်မှာတွေတောင် ရွာတွေအများကြီးရှိသေးတယ် အဲ့ထိပြေးကြရတာပါ့” လို့ စစ်ရှောင်နေတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
တိုက်ပွဲတွေကြောင့် မြို့ပေါ်နှင့် ကျေးရွာ ၂၅ ရွာကျော်ဟာ စစ်ရှောင်နေရပြီး စစ်ဘေးရှောင်သူ နှစ်သောင်းခွဲကျော်ခန့်ရှိနေပြီလို့ ဒေသခံများပြောကြားချက်အရသိရှိရပါတယ်။
“နှစ်သောင်းကျော်မှာပေါ့ တစ်ရွာဆိုရင်အနည်းဆုံးမရှိဘူးဆိုရင်တောင်မှ တစ်ထောင်နှစ်ထောင်လောက်ရှိနေတာ ၊ ဆယ်ရွာလောက်ဆို နှစ်သောင်းနေပြီလေ ၊ ဒါတောင် မြို့ကဟာမပါသေးဘူး ၊ ဒါက သဘောပြောတာ ” လို့ ၎င်းက ဆက်ပြောပြပါတယ်။
ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ် ၈၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးတယ်လို Kawlin Revolution အဖွဲ့က ပြောဆိုထားပါတယ်။
ကောလင်းမြို့နယ်တွင်း ခံသာတိုက်နယ်တွင်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကာ ယနေ့ချိန်ထိ ၅ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း Kawlin Revolution က သတင်းထုတ်ပြန်ထားပါတယ်။