ကံပိုင်တည်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ်ကို တရုတ်ဘက်က အကန့်အသတ်ဖြင့်ပြန်ဖွင့်ထား

ဒီဇင်ဘာ ၁၂ ၊ ဝိုင်းမော်

ကချင်ပြည်နယ်၊ ကံပိုင်တည်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလဆန်းပိုင်းကနေစပြီး တရုတ်နိုင်ငံဘက်က အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

သို့ပေမယ့် ကုန်ပစ္စည်းတွေကို အကန့်အသတ်ဖြင့်သာစိစစ်ပြီး ဝင်ရောက်ခွင့်ပြုနေတာဖြစ်တယ်လို့မြစ်ကြီးနားဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

“ အကုန်လုံးကြီးအဲ့လိုတော့ဝင်မရသေးဘူးထင်တယ် သူတို့လွှတ်ပေးချင်တဲ့ကားလေးတွေလွှတ်ပေးတာပေါ့ သူတို့စိစစ်ပြီးတော့လွှတ်ပေးတဲ့သဘောရှိတယ် အရင်လိုကြီးဒလဟောကြီးတော့မဟုတ်ပါဘူး”

ဒီကုန်သွယ်ရေးဂိတ်ကနေ ကုန်စည်စီးဆင်းမှုရပ်တန့်ခဲ့တာ နှစ်လနီးပါးကြာမြင့်ခဲ့တာကြောင့် ကချင်ပြည်နယ်ဒေသတစ်ခုလုံးမှာ ကုန်စျေးနှုန်းတွေ အဆမတန်ကြီးမြှင့်ခဲ့ပါတယ်။

ကံပိုင်တည်နယ်စပ်ဂိတ်ကနေ ကချင်ပြည်နယ်အတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို ၂၀၂၄ ခုနှစ်မှာ အဓိကတင်သွင်းခဲ့ရသလို အခြေခံစားသောက်ကုန်တွေကိုလည်း တင်သွင်းခဲ့ပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့အတွင်းမှာ စက်သုံးဆီတစ်လီတာကို တစ်သောင်းခွဲဝန်းကျင်ထိ ဝယ်ယူနေရဆဲဖြစ်ပြီး အခြေခံစားသုံးကုန် ကြက်ဥတစ်လုံးကို (၈၀၀)ကျပ်ထိ ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနယ်စပ်ဂိတ်တွေပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်ထွက် ဆန်စပါးစျေးနှုန်းတွေဟာ ကျဆင်းနေဆဲလည်းဖြစ်ပါတယ်။

ယခုလိုပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ရက်အနည်းငယ်သာရှိသေးတာကြောင့် ကုန်စျေးနှုန်းများပြန်လည်ကျဆင်းခြင်းမရှိသေးဘူးဟု သူကဆိုပါတယ်။

“ မြို့တွင်းက ကုန်စျေးနှုန်းကတော့ဒီလိုပါပဲ တက်ပြီးသွားရင် ပြန်ကျရိုးထုံးစံကသိပ်မရှိတဲ့အခါကျတော့ သွားညှိနှိုင်းကြတဲ့ဟာ ရှောရှောရူရူအောင်မြင်သွားရင်တော့ ကုန်စျေးနှုန်းတွေလည်းကျလာမယ်လို့ထင်တာပါပဲ’

ယခုလ ဒီဇင်ဘာ(၈)ရက်နေ့ကနေစတင်ပြီး ကချင်လွှတ်မြောက်ရေးအဖွဲ့ (KIA/KIO) ဥက္ကဌ အင်ဘန်လက တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေပြီး ဆွေးနွေးတဲ့အကြောင်းအရာတွေကိုတော့ ထုတ်ဖော်ပြောဆိုလာကြခြင်းမရှိကြသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက NDA-K နယ်ခြားစောင့်တပ်ဖွဲ့များထံမှ ကံပိုင်တည်မြို့ကို သိမ်းပိုက်ရရှိထားခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို KIA က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *