ကံရွာကျေးရွာနှင့်ပင်ဟင်းခါး-သာယာကုန်းကျေးရွာကြားပီနံအိတ်ဖြင့်စွန့်ပစ်ထားသည့်အလောင်းတစ်လောင်းတွေ့ရှိ

ဗန်းမောက်မြို့ကိုတွေ့ရစဉ် Photo/ShanNi Voice

ဇန်နဝါရီ ၄ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသ ကံရွာကျေးရွာနှင့် ပင်ဟင်းခါး-သာယာကုန်းကျေးရွာကြားမှာ ပီနံအိတ်နဲ့ စွန့်ပစ်ထားတဲ့ အလောင်းတစ်လောင်းကို ဒီရက်ပိုင်းမှာတွေ့ရှိခဲ့တယ်လို့  ဒေသခံသတင်းအရင်းအမြစ်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ  လူသေရုပ်အလောင်းကို ပီနံအိတ် အနက်ရောင်နဲ့ ထုတ်ပြီး ဗန်းမောက်မြို့နှင့် ဗန်းမောက်အနောက်ပိုင်းဒေသသွားလမ်းဘေးတွင် ပစ်ချထားတာလို့  ဖြစ်စဉ်ကိုသိတဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

“ပင်ဟင်းခါး နဲ့ ကံရွာကြားက လူပြတ်တဲ့နေရာမှာ ပီနံအိတ်အမည်း(အနက်ရောင်)နဲ့ ထုတ်ထားတာ။ ခေါင်းက အထဲကို ထည့်ထားပြီးတော့ ကြိုးနဲ့ ချည်ထားတဲ့ဘက်က က ခြေထောက်။ သေသေချာချာ ထုတ်ပြီးတော့ကို ပစ်ထားတာ ”  လို့ ၎င်းက ဆိုပါတယ်။ 

  ရုပ်အလောင်းကို အမျိုးသမီးနှစ်ဦးမှ တွေ့ရှိခဲ့တာဖြစ်ပြီး အဝတ်အစားထုတ်ထင်မှတ်ပြီး သွားဖြေကြည့်ရာမှ လူသေရုပ်အလောင်း ဖြစ်နေမှန်း သိရှိရတာလို့ ဆိုပါတယ်။

“ သွားတွေ့တဲ့သူက အမျိုးသမီးနှစ်ယောက်၊ သူများ အဝတ်အစားအိတ်တွေ ကျထားတယ်ထင်လို့ အရင်သွားစမ်းကြည့်ကြတာ။ သွားစမ်းကြည့်လိုက်တဲ့အခါကြတော့ ခြေချောင်းတွေကို အရင် စမ်းမိသွားတာ။ အဲ့ဒါ ချင်း(ဂျင်း)ထင်လို့ ဖြေကြည့်လိုက်တော့ လူဖြစ်နေတာတဲ့။” လို့ နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ 

  အဆိုပါ လူသေရုပ်အလောင်းကို တွေ့ရှိသည့်နေရာသည် လတ်တလောတွင် တော်လှန်ရေးအင်အားစုများ လှုပ်ရှားသည့်နေရာအတွင်းဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ၏ ကိုယ်ရေးရာဇဝင်နှင့် ကျူးလွန်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုတော့ ရှမ်းနီအသံအနေနဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

  ဇန်နဝါရီလ ၂ ရက်နေ့ကနေစပြီးတော့ ဗန်းမောက်မြို့နှင့် ဗန်းမောက်အနောက်ပိုင်းဒေသ သွားလာခွင့်ကို တော်လှန်ရေးအင်အားစုများက ပင်ဟင်းခါး-သာယာကုန်းကျေးရွာအနီးမှာ ပိတ်ပင်တားဆီးထားတယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *