ကျားဖြန့်မှောင်ခိုလမ်းတစ်နေရာတွင် (DKBA) ကားတစ်စီး ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ (၂၆)၊ မြဝတီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းမှာ  အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ  မှောင်ခိုလမ်းကြောင်းအဖြစ် အသုံးပြုနေတဲ့ လမ်းပိုင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ရဲ့ကားတစ်စီးကို စစ်ကော်မရှင်တပ်က  ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ကဖေဖော်ဝါရီ (၂၅)ရက် နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး DKBA ဗိုလ်တစ်ဦးနဲ့ တပ်ကြပ်တစ်ဦးအပါအဝင် (၅) ဦးသေဆုံးကာ( ၇ )ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

“ ကျားဖြန့်ဖလူးဆိုက်ကိုသွားတဲ့ ကားကပျက်သွားတာ အဲကားထဲမှာပါတဲ့ လူတွေကလည်း DKBA ရဲ့ လူတွေပဲ ဖလူးဆိုက်ထဲက လူတွေလည်းထိသွားတယ်။လေးကေ့ကော်တောင်ပေါ်မှာစစ်တပ်ရှိတယ် အဲ့ကနေလှမ်းပစ်တာထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကော်မရှင်ရဲ့ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုအပြီး DKBA တပ်က ဒီဖြစ်စဉ်ကြောင့် မဲကနယ်-ဖလူးလမ်းပိုင်းမှာ သွားလာသူတွေအနေနဲ့ သတိပြုသွားလာကြဖို့ သတိပေးတာတွေ ရှိလာနေပါတယ်။

မြဝတီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ဖလူးဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကတည်းက မကြာခဏ ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့် မြဝတီ-ဝေါလေလမ်းမကြီးကို အသုံးပြုမရဖြစ်ခဲ့တာပါ။ 

မြဝတီမြို့နဲ့ ဖလူး၊ကျောက်ခက် ဒေသတို့ရှိ ကျားဖြန့်ဆိုက်များအတွက် တရုတ်နိုင်ငံသားနဲ့ လူခေါ်ပွဲစားတွေက ပစ္စည်းနဲ့လူများ သယ်ယူပို့ဆောင်တာတွေကို ဒီလမ်းကနေ အဓိကအသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီနယ်ထဲ ကုန်ပစ္စည်းတင်သွင်းခွင့်တွေပိတ်ပင်ထားတာကြောင့် မှောင်ခိုတင်သွင်းနေရတာဖြစ်တယ်လို့ ဒေသခံများကပြောဆိုနေကြပါတယ်။

မြဝတီမြို့နယ်အတွင်းက ကျားဖြန့်ဂိုဏ်းတွေဟာ နှိမ်နင်းမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့ပေမယ့် လက်ရှိမှာ နေရာပြောင်းပြီး ပြန်လည်လုပ်ဆောင်နေကြတယ်လို့ သတင်းမှတ်တမ်းတွေက ဖော်ပြနေပါတယ်။

အရှေ့မြောက်ပိုင်းဒေသမှာ တရုတ်-မြန်မာ (Task Force) နဲ့ လုပ်ဆောင်ခဲ့သလို ၊  မြဝတီနယ်စပ်ဒေသတလျှောက်မှာလည်း မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီတဲ့ဂိုဏ်းသားတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *