

စက်တင်ဘာ ၅ ၊ ကျောက်မဲ
အခုစက်တင်ဘာလ ပထမအပတ် (၄)ရက်နေ့မှာပင် တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကော်မရှင်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ပြီး အမျိုးသမီး(၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်း/ပလောင်တပ်(PSLF/ TNLA)က မနေ့ကထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေက မိုးကုတ်-ကျောက်မဲလမ်းပေါ်က တအာင်း(ပလောင်) တိုင်းရင်းသားတွေအဓိကနေထိုင်တဲ့ ပန်သပြေကျေးရွာနဲ့ ပန်ကွမ်ကျေးရွာနှစ်ရွာကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ပန်ကွမ်ကျေးရွာကို (၁၀)နာရီအချိန်မှာ ဦးစွာကြဲခဲ့ကာ ပန်သပြေကျေးရွာကိုတော့ (၁၂)နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တစ်ရက်တည်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။
ထိခိုက်ခဲ့သူမှာ ပန်သပြေကျေးရွာသူဖြစ်ပြီး ၎င်းနဲ့အတူ အဆိုပါကျေးရွာရှိ နေအိမ်(၄)အိမ်၊စာသင်ကျောင်းတစ်ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပန်သပြေကျေးရွာကို ရော့ကတ်ဗုံးများဖြင့် ကြဲချခဲ့ပြီး ပန်ကွမ်ကိုတော့ ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တာကြောင့် စေတီပုထိုးများလည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ဒါ့အပြင် ယခုသီတင်းပတ်အတွင်းမှာပဲ စက်တင်ဘာလ(၂)ရက်နေ့ကလည်း သီပေါမြို့နယ်၊ဘော်ကြိုကျေးရွာကို ဗုံးနှစ်လုံးကြဲချခဲ့မှုကြောင့် အမျိုးသား(၁)ဦးထိခိုက်ခဲ့ပြီး နေအိမ်(၃)အိမ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လတစ်လအတွင်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုများ၊လက်နက်ကြီးပစ်ခတ်မှုများကြောင့် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊မိုင်းလုံ မြို့နယ်နဲ့ မိုင်းငေါ့မြို့တို့မှာ ဒေသခံ(၄၆)ဦးသေဆုံးခဲ့ပါတယ်။
တိုက်ပွဲတွေဟာ ပိုမိုဖြစ်ပွားလာနိုင်တာကြောင့် သီပေါ ၊ ကျောက်မဲက စစ်ဘေးရှောင်တွေဟာ လားရှိုးမြို့ပေါ်သို့ ရောက်ရှိနေပြီး နယ်မြေခံပရဟိတအဖွဲ့တွေနဲ့ ဘုန်းကြီးကျောင်းတွေက ကူညီထားတယ်လို့သိရပါတယ်။
စစ်တပ်က ကျောက်မဲ၊ သီပေါ မြို့တို့ကို ပြန်လည်သိမ်းပိုက်ယူမည့်အခြေအနေတွေရှိနေပြီး လက်ရှိမှာတော့ မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မကြာခဏရှိနေတာလည်းဖြစ်ပါတယ်။
