ကျောက်မဲမြို့နယ်မှာ ရက်ပေါင်းနှစ်ဆယ်အတွင်း  အရပ်သား(၃၀)ဦးနီးပါး သေဆုံး 

စက်တင်ဘာ ၁၁ ၊ ကျောက်မဲ 

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ သြဂုတ်လ  (၁၈)ရက်ကနေ (၃၀)ရက်အတွင်း အရပ်သား(၂၉)ဦးသေဆုံးခဲ့ပြီး (၆၆)ဦးအထိ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ထုတ်ပြန်ထားပါတယ်။

 ဒီထိခိုက်သေဆုံးမှုများဟာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးပစ်ခတ်မှုများ၊လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်အမျိုးမျိုးတို့ကြောင့်ဖြစ်ပြီး အများအားဖြင့် စစ်ဘေးရှောင်များနေထိုင်ခိုလှုံတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ  ဖြစ်ပွားတာဟု ဆိုထားပါတယ်။ 

လေကြောင်းဗုံးကျဲမှုက နောင်ပိန်ဒေသတွေမှာ အများဆုံးပြုလုပ်ခဲ့ပြီး သြဂုတ်လ(၂၀)ရက်နေ့က ပင်တီးဘုန်းကြီးကျောင်းပေါ်သို့ ကျဲချသော ပေါင်(၅၀၀)ဗုံးကြောင့် စစ်ဘေးရှောင်(၁၁)ဦး သေဆုံးကာ (၃၁)ဦး ထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ရက်ပိုင်းမှာပဲ ထိုနည်းတူ လုပ်ပါကျေးရွာကိုလည်း ပေါင်(၅၀၀)ဗုံးထပ်မံကျဲချခဲ့ရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးနောက် သြဂုတ်(၂၃)ရက်မှာ ကွန်းစလမ်းကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ကလေးငယ်တစ်ဦးသေဆုံးကာ ရဟန်း၊ကိုရင်များအပါအဝင် ခုနှစ်ဦးဟာ ပေါင်(၅၀၀)ဗုံးကြောင့်ပင်  ဒဏ်ရာရရှိခဲ့ကြပါတယ်။

တစ်ဖန် သြဂုတ်လ(၂၅)ရက်နေ့မှာတော့ ကျောက်မဲမြို့က ကိုရင်(၃)ပါးနှင့် အမျိုးသားတစ်ဦးတို့ ပေါင်(၂၅၀)ဗုံးကြောင့် ထိိခိုက်ဒဏ်ရာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

လေကြောင်းမှ ဗုံးကြဲချမှုများကြောင့်မဟုတ်ပဲ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူများလည်း ပါရှိနေပါတယ်။

ဒီလို ကျောက်မဲမြို့နယ်ထဲမှာ ထိခိုက်သေဆုံးမှုတွေများပြားလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်ပွားလာတာကြောင့် ဒေသခံ (၈၆၀၀)ကျော်ဟာ  ကျောက်မဲမြို့နယ်တောင်ပိုင်းနဲ့ သီပေါမြို့ အရှေ့မြောက်ဘက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရကြောင်း SHRF က ဆိုထားပါတယ်။

ယခုစက်တင်ဘာလအစပိုင်းကတည်းကပင် စစ်တပ်က လေကြောင်းဗုံးကျဲမှုတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး လအစမှာ သေဆုံးမှုတွေလည်း ရှိလာနေပါတယ်။ 

စစ်တပ်က ကျောက်မဲ၊ သီပေါ မြို့တို့ကို ပြန်လည်သိမ်းပိုက်ယူမည့်အခြေအနေတွေရှိနေပြီး လက်ရှိမှာတော့ မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မကြာခဏရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *