ကျောက်မဲမြို့အဝင်တိုက်ပွဲကြောင့်ကုန်တင်ကားများနှင့်ဆီဆိုင်မီးလောင်

မီးလောင်သွားသည့် ဓာတ်ဆီဆိုင်ကိုတွေ့ရစဉ်

 နိုဝင်ဘာ ၂၈ ၊ ကျောက်ပဲ 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အဝင် တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တို့ရဲ့ တိုက်ပွဲကြောင့် ကုန်တင်ကားများနှင့် ဆီဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ကျောက်မဲဒေသခံတွေဆီကနေ သိရပါတယ်။

“ မြို့အဝင်တိုးဂိတ်ရယ် အဲ့သည်နားက ဆီဆိုင်ရယ်၊ ဆီဆိုင်ဝင်းမှာရပ်ထားတဲ့ တွဲကား ၂ စီးပျက်သွားတယ်။ မြို့ထဲမှာတော့ စစ်ရှောင်တွေများတယ်။ စစ်တပ်ဘက်ကတော့ မြို့ကို အခိုင်အမာ ခံစစ်ပြင်ထားပုံရတယ်” လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပြပါတယ်။  

နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှစ ညသန်းခေါင်အချိန်ထိ  မြို့အဝင် အေးရှားဝေါတိုးဂိတ်အနီးမှာ  ညီနောင်မဟာမိတ်တွေထဲက MNDAA, TNLA,  PDF-MDY  နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်  တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် တိုက်ပွဲရဲ့ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ရန်ကင်းရပ်ကွက်နေ အဘွားအိုတစ်ဦး နှလုံးရှော့ဖြစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ 

နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်သွားပေမယ့် လက်နက်ကြီးပစ်ခတ်သံများ ဆက်လက်ကြားနေရဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ 

တိုက်ပွဲဟာ မြို့အနီးထိဖြစ်ပွားလာခြင်းကြောင့် ဇောတိကုန်းရပ်ကွက်၊ စခန်းသာ ၊ ခိုမုန်း ၊ ကျွဲကုန်း၊ ခေးနင်း ၊ တောင်ဆေးလိပ် စတဲ့ကျေးရွာများမှ ဒေသခံတွေက မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

ကျောက်မဲမြို့အနီးနားဝိုက် နှင့် ကျောက်မဲ-သီပေါကြားမှာ တိုက်ပွဲတွေဟာ ကျယ်ပြန့်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ 

“ သုံးဖွဲ့က ကျောက်မဲ-သီပေါကြားကို ဖြတ်ပိတ်ထားတယ်? တိုက်ပွဲတွေက ကျောက်မဲမြို့ပတ်လည်နဲ့ ကျောက်မဲ-သီပေါကြားမှာ ပိုဖြစ်လာနိုင်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ညီနောင်မဟာမိတ်တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန်မှာ   ကျောက်မဲမြို့နယ်မှာ အရပ်သား ၂ ဦး ထိခိုက်သေဆုံးထားပြီး စစ်ဘေးရှောင် ထောင်နှင့်ချီ ရှိနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *