ကြောင်လည်ကျေးရွာမှာဒရုန်းဗုံးသီးကျမှုကြောင့်စပါးကျီတိုက်မီးလောင်ကမိသားစုလိုက်ဒဏ်ရာရ

 ဧပြီ ၃ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာအတွင်း  မတ်လနောက်ဆုံးအပတ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ  PDF တပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုတွေကြောင့် စပါးကျီတိုက်မီးလောင်ကာ မိသားစုလိုက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။ 

၂ နှစ်အရွယ်ကလေးတစ်ဦး နှင့်  (၇) နှစ်အရွယ်ကလေးငယ်တစ်ဦး  အပါအဝင် မိသားစုလိုက် မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ဗန်းမောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ 

“ နှစ်နှစ်ကလေးက မျက်နှာမှာမြင်လို့တောင်မကောင်းတော့ဘူး၊  အရည်ကြည်ဖု မီးလောင်ထားတဲ့ဒဏ်ရာတွေ နှစ်ယောက်ကတော့ မီးလောင်ဒဏ်ရာရတယ် ယောက်ကျားကတော့ ကျောကုန်းမှာဒဏ်ရာရတယ် မိန်းမကလဲမျက်နှာတွေမှာပဲတဲ့ မီးလောင်ဒဏ်ရာအရည်ကြည်ဖုတွေပေါ့” လို့ ဗန်းမောက်ဆေးရုံမှာ သွားရောက်ကူညီခဲ့ပေးသူ တစ်ဦးက ပြောဆိုပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိပဲ စပါးကျီတိုက်အောက်ရှိ ဗုံးခိုကျင်းမှာ ခိုနေစဉ် စပါးကျီပေါ် ဒရုန်းဗုံးသီးကျမှုကြောင့် မီးလောင်ကာ ဗုံးခိုကျင်းအပူဟပ်ပြီး ကျင်းထဲကဖောက်ထွက်ပြေးလာခဲ့ကာ  မိသားစုလိုက်ထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

“ အိမ်ကငါးလုံးပါသွားတယ်၊  မီးလောင်သွားတာ ရွာရဲ့အရှေ့ပိုင်းဘက် ကျန်တဲ့အိမ်တွေက ဘုန်းကြီးကျောင်းမှာပြေးနေကြတာသူတို့ကျတော့ ဗုံးကျင်းရှိတယ်ဆိုပြီး စပါးတိုက်အောက်က ဗုံးကျင်းမှာ သွားပြေးပုန်းကြတာတဲ့ သူတို့အိမ်ကအုန်းခနဲ့မီးလောင်တော့ ကျလာတဲ့မီးစကိုတောင်ကာထားတဲ့ဟာနဲ့ တွန်းထုတ်လိုက်လို့တဲ့ မီးလောင်တော့ထိုးထွက်ခဲ့ကုန်တာပေါ့ မိသားစုလိုက် သူ့ယောက်ကျားကအရမ်းမဆိုးပေမယ့် သူ့ကလေးတွေနဲ့ မိန်းမကတော့ တော်တော်အခြေနေဆိုးတယ်” လို့ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 

  ကြောင်လည်ကျေးရွာအတွင်းမှာရှိနေသည့် စစ်ကောင်စီတပ်နဲ့  ကျေးရွာအပြင်ဘက်မှာရှိနေသည့်  PDF တပ်ဖွဲ့တို့ရဲ့တိုက်ပွဲဟာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြပြီး နေအိမ် (၅) လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ကြောင်လည်ကျေးရွာကနေ ဗန်းမောက်ကို စစ်ရှောင်ခဲ့သူတစ်ဦးက ပြောပြပါတယ်။ 

“ ကလေးနဲ့ မိသားစုလိုက် မီးလောင်တဲ့ဟာက ဒရုန်းနဲ့ချတဲ့ဟာတွေလေ ၊ လွန်ခဲ့တဲ့ လေးငါးဆယ်ရက်လောက်ကဖြစ်တဲ့ဟာ”  တိုက်ပွဲဖြစ်စဉ်ကို သိပြီး စစ်ရှောင်လာသည့်ကြောင်လည်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ 

မီးလောင်ဒဏ်ရာရရှိခဲ့သူတွေထဲက အသက် (၇) နှစ်အရွယ်ကလေးနှင့် သူ့အဖေကို  ဗန်းမောက်ပြည်သူ့ဆေးရုံကနေ ကသာမြို့နယ်ပြည်သူ့ဆေးရုံကို ပြောင်းရွေ့ကုသနေတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *