ဩဂုတ် ၂၂ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးဇင်း အရှင်သူရိယကို PDF တွေက ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ မနေ့ညက ဦးဇင်းကြီးတစ်ပါး လာခေါ်သွားတယ်။ လေးငါးခြောက်ယောက်လောက်ရှိမယ်။ ဆရာတော်ရဲ့ ဖုန်းကိုလည်း မွေသွားပြီး ဦးဇင်းကြီးကို သူတို့ခေါင်းဆောင်တွေက မေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လာရောက်ဖမ်းဆီးတဲ့ PDF တွေဟာ ကနန်းစကားပြောဆိုပြီး ကနန်းဒေသကတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။
ဩဂုတ် ၂၀ ရက်နေ့မှာ ပင်းခါးလမ်းဆုံကျေးရွာက အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ၊ ကျောင်းဆရာ ဦးအောင်ပန်း နှင့် ကိုလင်းဇော်တို့ကိုလည်း PDF တွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဦးဇင်းအရှင်သူရိယက ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီ စာပေ ၊ ရှမ်းနီဘာသာစကားနဲ့ ဗုဒ္ဓတရားတော်တွေသင်ကြားပေးနေသူ လည်းဖြစ်ပါတယ်။
သက်တော် ၅၆ နှစ်နဲ့ ဝါတော် ၂၀ ရှိနေပြီဖြစ်ပြီး ယခင်က လေးသီ၊ ပါယ ကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးပြီး ရှမ်းနီစာပေပျံ့ပွားရေး ၊ ရှမ်းနီကဗျာ ၊ စာပေတွေကို ရေးသား သင်ကြားနေသူတစ်ဦးလည်းဖြစ်ပါတယ်။
PDF တွေက နန့်သောင်ကျေးရွာအနီးမှာ ရှိတဲ့ SNA ရှေ့တန်းစခန်းတစ်ခုကို ဩဂုတ်လ ၂၀ ရက်နေ့မှာ လာရောက်တိုက်ခိုက်ပြီး ကြောင်လည် ၊ ပင်းခါးလမ်းဆုံ ၊ ပင်ပုံ ၊နန့်သောင် စတဲ့ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။