စက်တင်ဘာ ၁ ၊ ခန္တီး
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးမြို့နယ်အတွင်းမှာ လက်နက်၊ခဲယမ်း ၊ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသူ (၆) ဦးကို ဝယ်ယူသယ်ဆောင်ပေးသည့် စွဲချက်တွေနဲ့ ခန္တီးမြို့နယ် တရားရုံးက ဩဂုတ်လ ၂၈ ရက်နေ့မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ခန္တီးမြို့နယ် ကျွန်းစိုကျေးရွာနေ ကိုပါစန်(ခ) ပီရှန်၊ ဇီးဖြူကုန်းရပ်ကွက်နေ ဦးပါကွေ့ ၊ ဦးကိုဌေးလင်း တို့ကို အကြမ်းဖက်သမားတွေနဲ့ ချိတ်ဆက်ပြီး လက်နက်၊ ခဲယမ်း နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးသူတွေအဖြစ်စွဲချက်တင်ခံရပြီး အကြမ်းဖက်ဥပဒေပုဒ်မ ၄၉(က)အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ်(၅)နှစ်စီ သီးခြားစီ ကျခံစေဖို့ အမိန့်ချခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါထန်ခွေမြို့နေ ရှမ်းကြီးမှုန်၊ ပင်ထောင် တို့ကိုလည်း လက်နက်၊ခဲယမ်း သယ်ယူမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရတာလည်းဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ တောင်ခရမ်းကျေးရွာက ကိုနိုင်ဝင်းကိုလည်း လက်နက်ခဲယမ်းဝယ်ယူပို့ဆောင်ပေးတဲ့ စွဲချက်နဲ့ပဲ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာလို့ သိရပါတယ်။
သူတို့ (၆)ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်တွေမှာ ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။
၎င်းတို့ကို ၆ ဦးကို AK သေနတ် ၁ လက် ၊ ပစ္စတို (၉) လက် ၊ 9 မမ စတင်းသေနတ် ၁ လက် နဲ့အတူ ကျည်အမျိုးမျိုး ၃ သုံးရာနီးပါး နှင့်အတူ ဘိန်းဖြူ ၉ ဂရမ် ခန့်ကို ဖမ်းဆီးမိခဲ့တာလို့ စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးမိစဉ်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်က လည်း ၎င်းတို့တွေဟာ PDF တွေဖြစ်ပြီး ဦးဌေးလင်း နှင့် ကိုနိုင်ဝင်းတို့ ဟာ PDF တာဝန်ခံ တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ခန္တီးမြို့နယ်က တရားရုံးက လက်နက်နှင့်အတူ ဖမ်းမိသူတွေ (၇)ဦးကို လက်နက်ရောင်းဝယ်မှု သယ်ဆောင်ပေးတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။