ခန္တီးမြို့နယ်ဆင်သေကျေးရွာအနီးမှာအမျိုးသမီးနှစ်ဦးမှာလက်နက်တွေ့ရှိလို့ဆိုကာဖမ်းဆီးခံရ

ဇူလိုင် ၅  ၊ ခန္တီး

ခန္တီးမြို့နယ် ဆင်သေကျေးရွာအနီး အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးရာမှာ ၎င်းတို့ရဲ့ လွယ်အိတ်အတွင်း ပစ္စတိုနှင့် ခဲယမ်းတချို့တွေ့ရှိမှုကြောင့် ဖမ်းဆီးခံရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းတွေဆီကနေ သိရပါတယ်။ 

ဇူလိုင်လ ၄ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်မှာ ဆင်သေကျေးရွာနှင့် လက်ဖက်ခင်းကျေးရွာသွားလမ်းမပေါ်မှာ အမျိုးသမီး အဆန်းနှင့် ရေဖိုင်းသေးတို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးရာမှာ  ၎င်းတို့ရဲ့ ဘေးလွယ်အိတ်အတွင်း ပွိုင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည်ဆံ ၂ တောင့် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့နှစ်ဦးကို စစ်ကောင်စီဘက်က လက်နက် ရောင်းဝယ်ရေးပြုလုပ်မယ့်သူတွေဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ 

ဆင်သေကျေးရွာတွင်  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းမှာ လက်နက်ရောင်းဝယ်ရေးအတွက် အသုံးပြုခဲ့တဲ့စက်လှေတစ်စင်း ဖမ်းဆီးခံခဲ့ရသလို လက်နက်တချို့ကိုလည်း ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်းမှာ ခန္တီးမြို့နယ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားတဲ့ လူ ၇ ဦးကို ခန္တီးမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *