ဧပြီ ၁၁ ၊ ခန္တီး
ခန္တီးမြို့နယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်တွေ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
” မနက်၃ နာရီကျော်ကျော်လောက်မှာ ခန္တီး မိုင်းနောင်ရွာအနောက်ဘက်က SNA စခန်းကို စစ်တပ်ကတိုက်တယ်လို့ပြောတယ်။ အခုမိုင်းနောင်ရွာထဲမှာ စစ်တပ်က စခန်းချထားတယ်” လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။
ဒီတိုက်ပွဲအတွင်း SNA ဘက်က တပ်သားနစ်ယောက်ကျဆုံးခဲ့တယ်လို့ SNA သတင်းအရင်းအမြစ်တွေဆီကနေသိရပါတယ်။
“နစ်ယောက်မိတယ်၊ တစ်ယောက်ကိုလက်ထိပ်တန်းလန်းနဲ့ အနီးကပ်ပစ်သတ်ထားတယ်၊ လက်နက်ခဲယမ်းတချို့တော့ပါသွားတယ်”လို့ သူကဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အနီးက မိုင်းနောင်ကျေးရွာထဲဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း မြင့်တက်နေတယ်လို့သိရပါတယ်။
ခန္တီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက မတ်လကုန်ပိုင်းမှာ အင်အားတွေဖြည့်တင်းထားကြောင်းသိရပါတယ်။
ခန္တီးမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တို့ ၂၀၁၅ ခုနှစ်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် အများအပြားကျဆုံးမှုတွေရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။