

မတ် ၁၁ ၊ ဖောင်းပြင်
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ကရားကျေးရွာမှာ ချင်းတွင်းမြစ်ကမ်းထိန်းနံရံပြုလုပ်ထားတဲ့ အရှေ့မှာပဲ ရွှေမျှောခုတ်မောင်းမှုတွေကို ပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အရင်ကတော့ရွာနဲ့ လွတ်တဲ့နေရာမှာမောင်းရာကနေအခုဆို ရွာဆိပ်ကမ်း ပီးခဲ့တဲ့ NLD အစိုးရလက်ထက်ကကမ်းထိမ်းနံရံ တည့်တည့်နေရာကို မောင်းနေပါတယ်မိုးလင်းပန်းနီးရင်ရပ်ပီး ညဘက်ဆို အပြိုင်ကြတော့တာဘဲဗျာ ” လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
ရွှေမျှောမောင်းနေမှုတွေက ရွာလည် သာသနာ့အဆောက်အဦး ၊ အထကကျောင်းတည်ရှိတဲ့နေရာမှာ မောင်းနေတာလို့ဆိုပါတယ်။
ယခင်က ရွှေမျှောလုပ်ကိုင်မှုတွေက ကျေးရွာအနီးမှာသာ ရှိပေမယ့်လည်း အခုတူးဖော်နေမှုက ကျေးရွာကပ်ရပ်အနီးမှာဖြစ်ပြီး NLD အစိုးရလက်ထပ်တုန်းက ပြုလုပ်ထားတဲ့ ကမ်းထိန်းနံရံအရှေ့တည့်တည့်မှာပဲ ပြုလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။
“ ကျေးရွာနေပြည်သူတွေက. ဒါကိုလက်မခံနိုင်ကြောင်းပြောနေကြပါတယ် သူတို့လုပ်ချင်ရာလုပ်နေကြတာပါ။ နောက်ဆိုထက်ပိုဆိုးလာနိုင်မို့ ဘယ်သူ့ပြောရမှန်းလဲ မသိတော့ဘူး ရှိတဲ့လူကြီးကလဲ အထက်ခိုင်းရင် ဟုတ်ကဲ့ခေါင်းငြိမ့်ဘဲတတ်တာဆိုတော့ ရွာနေပြည်တွေ အားကိုးမရှိပါဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကရားကျေးရွာ ၊ သာစည်ကျေးရွာ စတဲ့နေရာတွေက ရွှေမျှောလုပ်ကိုင်မှုတွေကို ရပ်တန့်ဖို့ သတိပေးထားထုတ်ပြီး ရက်ပိုင်းမှာ ခတ္တရပ်နားခဲ့ပေမယ့် လက်ရှိမှာပြန်လည်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။