
ဧပြီ ၂၁ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ တစ်ရက်နီးပါးကြာတဲ့အထိ လောင်ကျွမ်းနေဆဲဖြစ်ပြီး ထိခိုက်ရှုံးဆုံးမှုများပြားနိုင်တယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ရှမ်းနီအသံကိုပြောပါတယ်။
မနေ့ညနေပိုင်းက ဟုမ္မလင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စက်သုံးဆီတင်ရေယာဉ်တစ်စီးကနေ ဆီပန့်ရိုက်နေချိန်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရေယာဉ် ၂၂ စီးအထိ မီးလောင်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။
“ စက်လေတွေက စုပုံဆိုက်ထားတော့ မီလောင်တော့ဆီအားနဲ့ ကူးသွားတာပါ၊ မိနစ်ပိုင်းအတွင်း၊ ပေါက်ကွဲတာနဲ့ဆိုတော့။ စက်လှေအထဲမှာ ဆီလောင်တေတာ့ ဆီမခမ်းမြင်းမီးအားကကြီးနေတာ့ပါ။ အခုက ဆပ်ပြာမှုန့်၊ရေတွေနဲ့ငြိမ်းကြတာတွေလုပ်နေတယ်” လို့ ဒေသခံ ရှမ်းနီလူငယ်တစ်ဦးကပြောပါတယ်။
လက်ရှိတောင် မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ထိခိုက်သေဆုံးမှုစာရင်းအတိအကျမသိရှိရသေးပေမယ့် ထိခိုက်သေဆုံးနိုင်ခြေ တစ်ရာဝန်းကျင်ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက မှတ်ချက်ပြုကြပါတယ်။
“ ဖလပ်အကြီးပေါ်က လူတွေမီးကူးသွားလည်းကြည့်နေရတာပါ့၊ ရေထဲခုန်ချတဲ့သူတချို့တော့လွတ်လာတယ်။ ကက်သာဘက်က ၂ ယောက်၊ ဟုမ္မလင်းဘက်ကညမှာ ၁ ယောက်သေတယ်။ ၇ ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့လည်း ရှိတယ် နောက်ထပ်သေဆုံးသူတွေရော၊ လူတွေက မိနစ်ပိုင်းအွင်းဆိုတော့အသေများမယ်ပါ့၊ ရာဂဏန်းရှိမှာ၊ တစ်စီးကိုငါးယောက်နဲ့တွက်ရင်တောင် ၂၂ တောင်ဆိုတော့”လို့ မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။
ဒေသခံတွေနဲ့ အာဏာပိုင်တွေက မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မှုကို ဒီနေ့ နေ့လည်အထိ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုနောက်ဆက်တွဲအနေနဲ့ ဟုမ္မလင်းမြို့နယ် ထွေအုပ်က ဓာတ်ဆီအရောင်းဆိုင်တွေကို ရောင်းဝယ်ခွင့်လိုက်လံပိတ်ပင်နေတယ်လို့ ဆီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
“ မြစ်လယ်ကောင်မှာ ဆိုတော့ မငြိမ်းကြတော့ဘူး နောက်ဆက်တွဲ အနေနဲ့ ထွေအုပ်က ဓာတ်ဆီဆိုင်တွေကို မရောင်းဖို့ လိုက်ပိတ်နေတယ်လို့ သတင်းတွေ ထွက်နေတယ်” လို့ သူက ပြောပါတယ်။
အခု မီးလောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် SNA က စက်လှေပိုင်ရှင် ၊ ကုန်သည်တွေနဲ့ လုပငန်းတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဝမ်းနည်းကြောင်းနဲ့ လိုအပ်သလိုကူညီသွားမယ်လို့ မနေ့ညပိုင်းက ထုတ်ပြန်ထားပါတယ်။
