“ချင်းတွင်းမြစ် ရေကြီးရေလျှံမှုများကြောင့် ဟုမ္မလင်းမြို့နယ်မှာ စားသောက်ကုန်နှင့် ဆေးဝါး အရေးတကြီးလိုအပ်နေ”

ဇူလိုင် ၁၂ ၊  ဟုမ္မလင်း 

 ဟုမ္မလင်းမြို့နယ်မှာ  ချင်းတွင်းမြစ်နဲ့ ဥရုချောင်း ရေကြီးရေလျှံမှုဖြစ်နေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဟုမ္မလင်းပြည်သူများက အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေးအတွက် ဆေးဝါးများ အရေးတကြီး လိုအပ်နေတယ်လို့ သိရှိရပါတယ်။

 ဟုမ္မလင်းမြို့နယ် ဒေသခံတွေအနေနဲ့ ကုန်စည်မပြတ်လပ်စေရေး ရှမ်းနီအမျိုးသားများတပ်မတော် ထိန်းချုပ်သည့် ဗန်းမောက်အနောက်ပိုင်းဒေသကို အမှီပြုနေကြရတာပဲ ဖြစ်ပါတယ်။

“ ဟုမ္မလင်းဘက်ကို သွားရတာ ခက်လို့ ဗန်းမောက်ဘက်တက်လာတာ၊ ပြီးတော့ ဟုမ္မလင်းဘက်မှာ ဈေးတအားကြီးတာ ၊ ဒီဗန်းမောက်ဘက်မှာတောင် ခံသာသေးတယ် စက်လှေခတော့ ဈေးများတာပေါ့”  လို့  ဗန်းမောက်ဒေသသို့ ကုန်ပစ္စည်းလာရောက်သယ်ယူတဲ့ ဟုမ္မလင်းမြို့နယ် ချောင်းကြီး ဒေသခံတစ်ဦးက ပြောပြပါတယ်။

 ဟုမ္မလင်းမြို့နယ် ချောင်းကြီးဒေသနှင့် ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသ နောင်ပွတ်ရွှေမှော်ကို ကုန်ပစ္စည်းတင်ဆောင်ဖို့အတွက် စက်လှေစင်းလုံးပြတ် နှစ်သိန်းကျပ်ပေးဆောင်ပြီး ငှားရမ်းရတယ်လို့လည်း သိရှိရပါတယ်။

 ဟုမ္မလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့် လမ်းခရီးများ ပုံမှန်ပြန်လည်အသုံးပြုနိုင်ဖို့အတွက် မဖြစ်နိုင်သေးဘူးလို့လည်း ၎င်းက ဆိုပါတယ်။

“ရေက မနေ့ကထိ မကျသေးဘူး၊ ဥရုချောင်းဘေးတစ်လျှောက်လုံးပဲ နစ်တာများတယ်၊  နောင်ပိုအောင်၊ သဖန်းကုန်းဆို ပြောမဖြစ် ပိုဆိုး လမ်းတွေလဲပျောက်နေပြီ။”

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့က ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသ နှစ်ခုစလုံးကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်တားမြစ်ထားတာပဲ ဖြစ်ပါတယ်။ 

 ကုန်စည်စီးဆင်းခွင့်ပိတ်ပင်မှုတွေကြောင့် ဗန်းမောက်မြို့အရှေ့ပိုင်း ကျွဲကောကြီးကျေးရွာနှင့် ခေါင်းကိုက်လမ်းဆုံဂိတ်၊ ကျောက်မဲတောင် တောင်ခြေဂိတ်၊ ဗန်းမောက်တောင်ပိုင်း ပါယကျေးရွာနှင့် ကံတော်ကျေးရွာကြားစတဲ့ ဂိတ်တွေမှာ ကုန်သည်များနှင့် ဗန်းမောက်ရပ်ရွာလူထုတွေက ယခုလ ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ယနေ့အထိ ဆန္ဒပြမှုရှိနေတယ်လို့ သိရှိရပါတယ်။

ကုန်သည်များနှင့် ဗန်းမောက်ရပ်ရွာလူထုများအနေနဲ့ ကုန်သွယ်လမ်းကြောင်းပြန်ဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုကြပေမယ့် KIA+PDF ပူးပေါင်းတပ်တို့က ယနေ့တိုင် လမ်းဖွင့်ပေးခြင်းမျိုး မရှိသေးဘူးလို့လည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *