ချင်းပြည်နယ် အခြေစိုက် ခေါနုသုန်သတင်းဌာန တည်ထောင်သူလည်းဖြစ် အယ်ဒီတာချုပ်ဟောင်း လည်းဖြစ်သူ အသတ်ခံရ

ဇန်နဝါရီ ၁၀ ၊ ချင်းပြည်နယ် 

ချင်းပြည်နယ် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ခေါနုသုန်သတင်းဌာနရဲ့ တည်ထောင်သူ လည်းဖြစ် အယ်ဒီတာချုပ်ဟောင်းဖြစ်သူ  ဦးပူတွိးဒင်း ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်သွားပြီးနောက် အသတ်ခံလိုက်ရကြောင်း သိရပါတယ်။ 

စစ်ကောင်စီတပ်တွေက ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ – ဟားခါးလမ်းပေါ်က ကီလှုန်း နှင့် လုံလှောကျေးရွာကြားမှာ 

ဇန်နဝါရီလ ၆ ရက် နဲ့ ၇ ရက်နေ့က ခရီးသွား (၁၁) ဦးကို ဖမ်းဆီးပြီး  ရှေ့တန်းစစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် ဇန်နဝါရီလ (၈) ရက်နေ့မှာ အသတ်ခံခဲ့ရကြောင်း ခေါနုသုန်သတင်းဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။​

CDF ( မတူပီ) ရဲ့ သတင်းထုတ်ပြန်မှုအရ  လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသူတွေ အသတ်ခံရပြီး အလောင်းတွေကိုလည်း စွန့်ပစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ 

ခေါနုသုန်သတင်းဌာနကတော့ ယခုဖြစ်ရပ်အပေါ် တုန်လှုပ်ခြောက်ခြားပြီး အလွန်စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ လက်ရှိလုပ်ရပ်ကို အပြင်းအထန်ရှုံ့ချထားပြီး လူမဆန်စွာသတ်ဖြတ်ခံမှုတွေကို မကျူးလွန်ဖို့ အလေးအနက်လည်း တောင်းဆိုထားပါတယ်။​

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာပဲ ဆယ်နှင့်ချီတဲ့ သတင်းထောက်တွေ ဖမ်းဆီးခံရသလို လက်ရှိအချိန်ထိ သတင်းသမား  ( ၃ ) ဦး သတ်ဖြတ်ခံထားရပါတယ်။ 

  အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ချင်းလူမျိုး ၁၆၃ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း  ချင်းရေးရာအဖွဲ့ချုပ် (ICA) က  ထုတ်ဖော်ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *