ခွင့်ပြုချက်မရပဲ နိုင်ငံခြားသံရုံးနဲ့ တွေ့ဆုံလို့ (PPP)ပါတီဥက္ကဌကို အရေးယူမည်

ဇန်နဝါရီ ၁၅ ၊ ရန်ကုန် 

ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့  ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ရဲ့ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်ကို နိုင်ငံခြားသံရုံးတစ်ရုံးမှ အဖွဲ့ဝင်တစ်ချို့နဲ့  တရားမဝင်တွေ့ဆုံခဲ့မှုကြောင့်  အရေး​ယူမှုပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ(၁၄)ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ ရွေးကောက်ပွဲမစတင်မီရက်ပိုင်းက  ပါတီဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့နှစ်ဦးဟာ ရွေးကော်ရဲ့ ခွင့်ပြုချက်မရှိပဲ ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရှိစားသောက်ဆိုင်တစ်ခုမှာ ပြည်ပသံရုံးကလူအချို့နဲ့ တွေ့ဆုံခဲ့ကြောင်း ဆိုပါတယ်။

ဒါကြောင့် မကြာသေးမီ ဇန်နဝါရီ (၁၃)ရက်နေ့မှာ ၎င်းတို့နှစ်ဦးကို (၂၄)နာရီခန့် ခေါ်ယူစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက်  ယခုလို ထုတ်ပြန်ချက်ကို ကြေညာလာတာလည်း ဖြစ်ပါတယ်။

တွေ့ဆုံခဲ့ကြောင်းကိုလည်း သူတို့နှစ်ဦးက ဝန်ခံခဲ့တယ်လို့  ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

နိုင်ငံခြားသံရုံးများ၊ ပြည်ပအဖွဲ့အစည်းများနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက လျှို့လျှို့ဝှက်ဝှက် တွေ့ဆုံနေကြောင်း ရွေးကောက်ပွဲကော်မရှင်ကသိရှိပြီးနောက် ခွင့်ပြုချက်တောင်းခံဖို့ သတိပေးစာကို ပါတီဥက္ကဌထံသို့ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

 ဒေါ်သက်သက်ခိုင်က ကမ္ဘာအေးဘုရားလမ်းနဲ့ဆရာစံလမ်းဒေါင့်က 68 Residence အိမ်ရာစီမံကိန်းအတွက် ကမ္ဘောဇဘဏ်ကနေ ချေးငွေရယူထားပြီး ပေးဆပ်ရန်ကျန်နေသေးတာကြောင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို  အောက်တိုဘာလမှာ ပယ်ဖျက်ခံခဲ့ရတာပါ။

သူဟာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ၊ လူကယ်ပြန်ဝန်ကြီးတွေအဖြစ် (၂၀၂၁) ခုနှစ်မှ (၂၀၂၅) ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သလို PPP ပါတီရဲ့ ဥက္ကဌရာထူးကို  ပါတီတည်ထောင်စဉ်ကတည်းက ရရှိထားသူလည်းဖြစ်ပါတယ်။ 

ဒီဇင်ဘာလမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  ပြည်သူ့ပါတီရဲ့ ကိုယ်စားလောင်းတစ်ဦးဖြစ်သူ ဦးလွင်မြင့်ကိုလည်း  မဲဆွယ်စည်းရုံးရေးလုပ်ဆောင်စဉ်မှာ သတ်မှတ်ထားတဲ့စည်းကမ်းချက်ကို ဖောက်ဖျက်ခဲ့တယ်လို့ဆိုပြီး အရေးယူမှုတွေပြုလုပ်ပြီး ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *