ခန္တီးလယ်ယာမြေပြဿနာ ပြေလည်အောင် ဖြေရှင်းမပေးသော အစိုးရကို မြို့မဆရာတော် တစ်ကိုယ်တော် ဆန္ဒပြ

စက်တင်ဘာ ၂ ၊

ခန္တီးမြို့ရှိ သိမ်းဆည်း လယ်ယာမြေပြဿနာကို ပြေလည်အောင်ဖြေရှင်းမပေးနိုင်သော လက်ရှိအစိုးရကို ခန္တီးမြို့မဆရာတော် ဦးက၀ိပါလ ကိုယ်တိုင် ယနေ့နေ့လည်ပိုင်းက မုံရွာမြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သည်။

“ အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန္တီးလာတုန်းကလည်း သုံးလ အတွင်းဖြေရှင်းပေးဖို့ ပြောသွားပေမယ့် အခုအထိ တောင်သူတွေ ကျေနပ်အောင် မဖြေရှင်းပေးသေးဘူး။ ဒါကြောင့် နစ်နာသူ တောင်သူတွေရဲ့ ကိုယ်စား ဆန္ဒပြရတာပါ ။” ဟု ဆရာတော်က မိန့်ကြားသည်။

ခန္တီးမြို့တွင် ၁၉၉၁ ခုနှစ် တပ်မတော်အစိုးရလက်ထက်က ဒေသခံ တောင်သူများထံမှ လယ်ယာမြေ ၂၂၃ ဧကကို သိမ်းဆည်းခဲ့ပြီး နစ်နာသူ တောင်သူများအား ထိုက်သင့်သော နစ်နာကြေးပေးခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် ဒီမိုကရေစီ အစိုးရလက်ထက်တွင် အဆိုပါ ကိစ္စအား ဖြေရှင်းပေးရန် သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း နစ်နာသူ တောင်သူများ ကျေနပ်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်းလည်းသိရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယခုနှစ် မတ်လအတွင်းက ခန္တီးသို့လာရောက်စဉ် အဆိုပါ ပြဿနာအားထပ်မံ တင်ပြတောင်းဆိုခဲ့ချိန်တွင် သုံးလအတွင်း ဖြေရှင်းရန် ညွှန်ကြားခဲ့သော်လည်း ယခုအချိန်အထိ ဖြေရှင်းပေးခြင်းမရှိသောကြောင့် နစ်နာသူတောင်သူများကိုယ်စား ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

အဆိုပါမြေကွက်သည် လယ်ယာမြေအမျိုးအစားထဲတွင်သာ ရှိနေသေးပြီး အခြားနည်းဖြင့် သုံးစွဲခွင့်ပြောင်းလဲထားခြင်း မရှိသေးသော်လည်း မြေကွက်စုစုပေါင်းဧရိယာ၏ သုံးပုံ တစ်ပုံခန့် အိမ်ကွက် ၄၁၀ ကို နေရာချထားပေးပြီးဖြစ်နေကြောင်းလည်း နစ်နာသူ တောင်သူတစ်ဦးကပြောကြားသည်။

“ ကျေနပ်အောင်မဖြေရှင်းပေးဘူးဆိုရင် အခြားနည်းနဲ့သုံးစွဲခွင့်အတွက် လယ်ယာမြေတွေကို စွန့်လွှတ်ပါတယ်ဆိုတဲ့ လက်မှတ်ကို တောင်သူတွေအားလုံးက မထိုးပေးဘူးလို့ ပြောထားတယ်။” ဟု နစ်နာသူ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ဆရာတော် ဦးက၀ိပါလက ခန္တီးမြို့မရပ်ကွက် မတရား သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေး ၊ သိမ်းဆည်းခံလယ်ယာမြေကိစ္စ စီစစ်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရေး ၊အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပေးထားသော ကတိကို တည်အောင် ဆောင်ရွက်ပေးရေး ဟူသော အချက်များဖြင့် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *