
ဧပြီ ၇ ၊ မန္တလေး
ငလျင်ဘေးကြောင့် သေဆုံးခဲ့သူတစ်ဦးချင်းစီအတွက် မြန်မာငွေကျပ် (၁၀)သိန်းစီ ထောက်ပံ့ကူညီပေးသွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ(၅)ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ထိခိုက်ပျက်စီးခဲ့တဲ့ဆောက်အဦးများအတွက်လည်း အပျက်အစီးတွေအပေါ်မူတည်ပြီးတော့ ပျက်စီးမှုများရင်များသလို ထောက်ပံ့ကူညီသွားမှာလို့ ဆိုပါတယ်။
ရက်ချက်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် ဧပြီ(၆)ရက်နေ့ထိ (၁၀)ရက်တာအထိ စစ်ကောင်စီရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ (၃၄၅၅) ဦး ၊ ထိခိုက်ဒဏ်ရာရသူ (၄၈၄၀) ၊ပျောက်ဆုံးသူ(၂၁၄)ဦးရှိနေပြီလည်းဖြစ်ပါတယ်။
ဒါ့အပြင် အဆောက်အဦးပေါင်း(၅၂၂၃)လုံး၊ စာသင်ကျောင်းပေါင်း(၁၈၂၄)ခု၊ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင်စာသင်တိုက် (၂၇၅၂)ကျောင်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ ရပ်ကွက်ထဲမှာ အုပ်ချုပ်ရေးမှူးတွေက စာရင်းလိုက်ကောက်တာတွေရှိနေပြီ။ အိမ်က ဘယ်လောက်ပျက်စီးသွားလဲဆိုပြီးတော့၊ ပြိုတဲ့ပေါ်မူတည်ပြီး တစ်အိမ်ကို သိန်းနှစ်ဆယ် ကူညီမယ်လို့ပြောတယ်” လို့ မန္တလေးမြို့ပေါ် နေအိမ် ထိခိုက်ပျက်စီးတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၁၀ ရက်ကျော်လာသည်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေရဆဲဖြစ်ပြီး သေဆုံးသူတွေသူမြင့်တက်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီက ငလျင်ငလျင်ဒဏ်သင့် ဒေသများအတွက် စစ်ကောင်စီ ကျပ် ၅၀၀ ဘီလီယံ မတည်ပြီး ဆောင်ရွက်နေပြီး နိုင်ငံတကာကနေ အကူအညီ ဒေါ်လာ သန်း ၉၀ ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။
ဒီလိုငလျင်ဘေးကြောင့် ထိခိုက်ပူဆွေးနေတဲ့အချိန်မှာ ဧပြီ (၁၃)ရက်နေ့ကစ ရောက်ရှိလာမယ့် သကြင်္န်ပွဲတော်ကိုလည်း ကပွဲပျော်ပွဲများမပါဝင်ဘဲ ရိုးရာမပျက်သာပွဲတော်ကျင်းပသွားဖို့ တစ်နိုင်ငံကို ဆော်သြမှာကြားထားကြောင်း ထည့်သွင်းပြောထားပါတယ်။