
ဇူလိုင် ၁၁ ၊ ရန်ကုန်
မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတွင်း ငွေကြေးသုံးစွဲမှုပြုရာတွင် ငွေသားများဖြင့်ကိုင်ဆောင်သုံးစွဲခြင်းထက် ဒီဂျစ်တယ်နည်းများဖြင့် ငွေကြေးလွှဲပြောင်းမှု၊ သုံးစွဲမှုများကို ပိုမိုအသုံးပြုကြဖို့ ဗဟိုဘဏ်ကပြောဆိုလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ ဒီဂျစ်တယ်နည်းတွေနဲ့ ငွေပေးချေမှုတွေ၊ ငွေကြေးလွှဲပြောင်းမှုတွေအတွက် အကန့်အသတ်မရှိဆောင်ရွက်နိုင်ပြီး စိုးရိမ်ပူပန်မှုမဖြစ်ကြဖို့ ယနေ့ဇူလိုင်လ (၁၁)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကနေတစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌဒေါက်တာလင်းအောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အိမ်ရာချေးငွေကို ကန့်သတ်ချက်ထက်ကျော်လွန်ပြီး ထုတ်ချေးနေတယ်ဆိုပြီး ပုဂ္ဂလိကဘဏ်ခုနှစ်ခုကို စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အရေးယူပြီးနောက် ပြည်တွင်းဘဏ်တွေမှာ ငွေသားထုတ်ယူသူတွေများပြားခဲ့ပါတယ်။
ဒါကြောင့် ဘဏ်တွေက ငွေသားထုတ်ယူမှုမှာ တစ်ဦးကို တစ်ရက်လျှင်ဆယ်သိန်းကျပ်သာ ထုတ်ယူခွင့်ပြုခဲ့ပြီး ပြည်သူတွေကြား ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လာနေမှုကြောင့် ဗဟိုဘဏ်က အခုလိုဖြေရှင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ငွေထုတ်သူတွေဟာ အပြင်စျေးကွက်မှာ ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပေးပြီး ငွေသားထုတ်ယူနေကြရတယ်လို့ သိရှိရပါတယ်။
အထူးငွေသားအပ်နှံမှုအကောင့်( Special Account )ဆိုရင် အပ်နှံထားသလောက် အကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်တယ်လို့လည်းဆိုထားပြီး ငွေစုဘဏ်စာရင်း (saving account) က ပုံမှန်တစ်ပတ်တစ်ကြိမ် ငွေသားထုတ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ် တွေ့ဆုံမှုပြုခဲ့ပြီး Banking စနစ် ၊ Card စနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။