စက်သုံးဆီဈေးနှုန်းအနည်းငယ်ပြန်ကျပေမယ့်ဒီဇယ်စျေးနှုန်းတွေမကျသေး 

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ ထုတ်ပြန်တဲ့ ဇူလိုင်လ ၁၈  ရက်နေ့ ရည်ညွှန်းစျေးက ၉၂ တစ်လီတာကို ၁၇၀၀ ဝန်းကျင်ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ တစ်ပတ်က ၉၂ တစ်လီတာကို ၂၃၀၀ ကျပ်ရှိကာ အဲဒီဈေးနှုန်းနဲ့ လနဲ့ချီရှိနေခဲ့တဲ့ စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး အနည်းငယ်စီ ပြန်ကျလာနေပါတယ်။

ဒါပေမဲ့ ဒီဇယ်ဈေးနှုန်းကတော့ ရည်ညွှန်းသတ်မှတ်ဈေး တစ်လီတာကို နှစ်ထောင်ကျော်မှာပဲ ရှိနေပါတယ်။ 

စက်သုံးဆီတွေထဲက ဒီဇယ်တွေကို  လယ်ယာလုပ်ငန်းခွင် ၊ ကျောက် ၊ရွှေ တူးဖော်မှု နဲ့ အကြီးစားသယ်ယူပို့ဆောင်ရေးလုပ်ငန်းခွင်တွေမှာ အများဆုံးအသုံးပြုကြတာလည်းဖြစ်ပါတယ်။ 

ဒီလို ဒီဇယ်စျေးနှုန်းတွေပြန်မကျသေးတာကြောင့်လည်း လုပ်ငန်းအများစုရဲ့ ကုန်ကျမှုက လွန်ခဲ့တဲ့ လတွေအတိုင်းဆက်လက်ရှိနေတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီက စက်သုံးဆီလုပ်ငန်းရှင်တွေကို သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချဖို့ အမိန့်ထုတ်ထားသလို ရည်ညွှန်းဈေးထက် ပိုရောင်းတဲ့ ဆိုင်တွေကိုလည်း အရေးယူတာတွေ လုပ်နေတာပါ။

ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ရည်ညွှန်းဈေးထက် ပိုရောင်းတဲ့ အရောင်ဆိုင်း ၈၂ ဆိုင်ကို ဒဏ်ငွေဆောင်ဖို့ အရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *