ဒီဇင်ဘာ ၃၁ ၊ နေပြည်တော်
ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းများအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် လူဦးရေ ၄ သန်းခွဲကျော်ကို သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းအတွင်းတွင် ခန့်မှန်း လူဦးရေစုစုပေါင်း ၆ သန်းကျော်ရှိတဲ့အထဲတွင် လူဦးရေ ၂ သန်းနီးပါးကိုသာ ကောက်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် မြို့ပေါ်အများစုကိုသာ ကောက်ယူနိုင်ခဲ့ပြီး ထီးချိုင့် ၊ အင်းတော် ၊ ကောလင်း ၊ ပင်လည်ဘူး ၊ မြောင် ၊ ကနီ ၊ ပုလဲ ၊ ဒီပဲယင်း ၊ တန့်ဆည် ၊ခင်ဦး နှင့် ဝက်လက်မြို့နယ်တို့တွင် လုံးဝကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် မြို့နယ်အများစုထဲတွင် ပင်လည်ဘူးမြို့နယ်ကို NUG က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်သည့်မြို့နယ်များသည် တော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို ထိန်းချုပ်စိုးမိုးထားခြင်းဖြစ်သည်။
“စာရင်းကောက်တုန်းကတော့ မြို့ပေါ်ပဲ ကောက်ခိုင်းတာ ၊ ကျေးရွာတွေမှာ ကောက်ပါလို့ပြောတာလည်းမရှိဘူး၊ သူတို့မိုဘိုင်းတပ်ပလပ် နဲ့ပဲကောက်တာ၊ အခုစာရင်းထွက်လာတာတော့ မသိရသေးဘူး”လို့ ဟုမ္မလင်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးက ရှမ်းနီအသံကို ဒီနေ့ မနက်ပိုင်းတွင် ဆိုသည်။
ရွေးကောက်ပွဲအတွက် ရည်ရွယ်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁)သန်းကျော်ရှိသည်။
လူဦးရေအချိုးအစားအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် (၁၄.၄%)၊ ရှမ်းပြည်နယ်တွင် (၁၂.၇%) နှင့် မန္တလေးတိုင်းဒေသကြီးတွင် (၁၂.၂%) တို့ဖြစ်ပြီး အဆိုပါတိုင်းဒေသကြီး/ပြည်နယ် (၃) ခု၏ လူဦးရေသည် တစ်နိုင်ငံလုံးမှ စုစုပေါင်းလူဦးရေ၏ (၃၉.၃) ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။