စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ၂၀၂၂ ခုနှစ် ကစပြီး ပြည်သူ့ ကျန်းမာရေး

ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်တန့်လုနီးပါးဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်မှာ မြို့နယ်အတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ၊ ရောဂါများအကြောင်းကို ဗန်းမောက်မြို့နယ် ရောဂါရှာဖွေရေးမှာ ဒု-ဓာတ်ခွဲမှူး ဦးဇေယျာထွန်း နှင့် ရှမ်းနီအသံတို့ ဆက်သွယ်မေးမြန်းထားမှုတွေကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ အခုဗန်းမောက်မြို့နယ်အတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုရောဂါမျိုးတွေ၊ ပြဿနာမျိုးတွေတွေ့နေရသလဲခင်ဗျာ။
ဖြေ။ ။ ဒီဘက်မှာ အတွေ့ရများတာကတော့ တီဘီနဲ့ ငှက်ဖျားပေါ့နော်၊ ငှက်ဖျားကတော့ ဒီဘက်ကမှာ ပုံမှန်တွေ့နေကြလေးမျိုးရှိပါတယ်ခင်ဗျာ။ လေးမျိုးမှာမှ ဒီဘက်ဒေသမှာတွေ့နေရတာကတော့ နှစ်မျိုးတည်းရှိပါတယ်ခင်ဗျာ။ ပလစ်တီမိုဒီယမ် နဲ့ ဗိုင်းရက်စ် ဒီနှစ်မျိုးခင်ဗျာ့။

မေး။ ။ ဗန်းမောက်မှာ အရင်က ငှက်ဖျားဖြစ်ပွားမှု နည်းပါးသွားတယ်လို့ပြောပြီး အခုကျအများကြီးတွေ့နေရတာ ဘာကြောင့်လဲ
ဖြေ။ ။ ရှိတယ်ဆိုတာကလည်း ကျွန်တော်တို့ဆေးရုံမှာ လာပြီးတွေ့တဲ့ဟာတွေရယ် တစ်ခြားအပြင်က NGO အဖွဲ့အစည်းနှစ်ခုလောက်ဗန်းမောက်မှာရှိတယ်လေ အဲ့ဒီစာရင်းဇယားတွေအရ သိရတာပါ။ အဲ့တာတွေက outbreak မဖြစ်ပါဘူး။ ကျန်တဲ့ရောဂါတွေကအဖြစ်များတယ် နောက်တစ်ခုက ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေလည်းတွေ့ရတယ် ဒီကျောက်ကပ်ရောဂါကတော့ ကွင်းဆင်းစစ်ဆေးကြည့်လို့ တွေ့ရတာတော့မဟုတ်ဘူးခင်ဗျာ။ ကျွန်တော်တို့မြို့ကို လာတဲ့ လူနာရှင်တွေကို စစ်ဆေးကြည့်လို့ တွေ့ရတာပါ။

မေး။ ။ ဒီပြောသွားတဲ့ ရောဂါတွေအပြင် တခြားကူးစက်တတ်တဲ့ဘယ်လိုရောဂါတွေ တွေ့ရသေးလဲ။
ဖြေ။ ။ ကူးစက်တတ်တဲ့တစ်ခြားရောဂါတွေကတော့ HIV ၊ AIDS ပေါ့နော် ပြီးရင် အသည်းရောင်အသားဝါဘီရောဂါ၊ အသည်းရောင်အသားဝါစီရောဂါရှိမယ်။ တိတိကျကျစာရင်းကောက်ထားခြင်းတော့မရှိဘူး ခန့်မှန်းချက်ကတော့ ဆေးရုံမှာလာပြတဲ့ဟာရယ် ဓာတ်ခွဲခန်းမှာစစ်လို့ ထွက်လာတဲ့ result တွေအရတော့ တစ်လတစ်လကို လူနာ(၁၀၀)လောက်ရောဂါတွေဖြစ်တယ် အေ့ထဲက (၂၅)ဦးနဲ့ (၃၀)ဦးကြားမှာတော့ အသည်းရောင်အသားဝါ ဘီနဲ့ အသည်းရောင်အသားဝါ စီ ဖြစ်ကြတယ်။

မေး။ ။ ဗန်းမောက်နယ်ထဲ လတ်တလောရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာ အကြီးဆုံးက ဘာဖြစ်မလဲခင်ဗျာ။
ဖြေ။ ။ လတ်တလောကတော့ ကလေးကာကွယ်ဆေးမရတဲ့ပြဿနာပဲ ဒါပေမယ့်အခုလကစပြီး ပြေလည်သွားပါပြီ ပြီးတဲ့လတွေက စစ်တွေဖြစ်တဲ့အခါကျတော့ လုံခြုံရေးအခြေအနေအရ ကာကွယ်ဆေးတွေသွားပြီးမထုတ်နိုင်ဘူးဗျ တိုင်းရုံးကတော့ပေးတယ် အဲဒီတော့ ကလေးတွေက ကာကွယ်ဆေးရတဲ့လရတယ် မရတဲ့လမရဘူး ဗန်းမောက်မှာမရတော့ ဗန်းမောက်နဲ့နီးတဲ့အင်းတော်မှာသွားပြီးထိုးရတယ် အင်းတော်မှာလည်းမရရင် ကသာထိသွားထိုးရတာလည်းရှိတယ် အခုလတော့ လုံခြုံရေးတွေလည်း ကောင်းသွားပြီဆိုတော့ အရှေ့ကုန်းကျေးရွာမှာ ကျန်းမာရေးစင်တာတစ်ခုဖွင့်တယ် ဗန်းမောက်မြို့ပေါ်မှာ ကျန်းမာရေးစင်တာတစ်ခုဖွင့်တယ် ဒါတွေက ကလေးတွေကို ပုံမှန်ကာကွယ်ဆေးတိုက်တဲ့နေရာပေါ့လေ။

မေး။ ။ အခု အရှေ့ကုန်းမှာက လူဦးရေဘယ်လောက် ထိုးနှံထားလဲ
ဖြေ။ ။ အခုအရှေ့ကုန်းမှာ သုံးရက်ထိုးပြီးသွားတဲ့ဟာက လူဦးရေ၆၀၀လောက်ရှိတယ် ကိုယ်ဝန်ဆောင်မိခင်က ၂၀၀ပတ်ချာလည် ကလေးတွေက ၄၀၀ လောက်ပေါ့ ဗန်းမောက်မှာလည်း ထိုးနေတယ် ဖုန်းလိုင်းမရလို့ အရေအတွက်မသိရသေးဘူးခင်ဗျာ။ အရှေ့ကုန်းကိုခြုံငြုံပြီးတော့ ခန့်မှန်းချေ၄၀၀လောက်မှာ ကာကွယ်ဆေးရတဲ့ကလေးက တစ်ဝက်လောက်ရှိတယ် တစ်ခြားဒေသ ကသာသော်လည်းကောင်း အင်းတော်မှာသော်လည်းကောင်းဆေးသွားထိုးခဲ့တဲ့ဟာတွေပေါ့ ကျန်တစ်ဝက်လောက်ကတော့ မထိုးရတဲ့ဟာတွေပေါ့ ၂၀၀ လောက်က လုံးဝမရတဲ့ဟာတွေပါ တချို့ကိုယ်ဝန်ဆောင်မိခင်တွေဆို မွေးဖွားခါနီးရက်လောက်ထိကပ်နေပြီ ဒါပေမယ့်ကာကွယ်ဆေးမထိုးခဲ့ရပါဘူး။အဲ့လိုမျိုးအခြေအနေတွေလည်းရှိတယ်။

မေး။ ။ ဒီကာကွယ််ဆေးပြဿနာအပြင် ဒေသတွင်းမှာအဖြစ်များတဲ့ရောဂါတွေအတွက်ကော ဆေးတွေရရှိမှုအခြေအနေဘယ်လိုရှိလဲ ။
ဖြေ။ ။ အခုနက ပြောပြခဲ့တဲ့ တီဘီရော နဲ့ ငှက်ဖျားရောဂါနဲ့ ၊ HIV/AIDS တို့လိုရောဂါတွေလည်းရှိတယ် ၊​ HIV ဖြစ်နေပြီး ART ဆေးလိုမျိုး မသောက်ရတဲ့သူတွေလည်းရှိနေတယ်။ ငှက်ဖျားဖြစ်နေပြီး ငှက်ဖျားဆေးမသောက်ရတဲ့သူ ဆေးမရတဲ့သူတွေလည်းရှိနေပါတယ် ။ အဲ့ဒီရောဂါပိုး သုံးမျိုးက အခုလောလောဆယ် ဆေးနဲ့ လက်လှမ်းမမှီနိုင်သေးဘူး။ ဒီရောဂါတွေအတွက် ၉လပိုင်းနဲ့၁၀လပိုင်းတွေမှာ ဆေးတွေကို ရရှိနိုင်အောင် လုပ်ဖို့အစီအစဉ်ရှိပါတယ်။

မေး။ ။ ထပ်ဖြည့်စွက်ပြောချင်တာများရှိသေးလားခင်ဗျာ့။
ဖြေ။ ။ ထွေထွေထူးထူးတော့မရှိတော့ပါဘူးဆေးတွေရရှိနိုင်အောင် ရှမ်းနီအဖွဲ့အစည်းတွေက အမြဲကူညီပေးစေချင်ပါတယ်။ ဒီလောက်ပါပဲခင်ဗျာ့။

Leave a Reply

Your email address will not be published. Required fields are marked *