
ဇူလိုင် ၂၃ ၊ ချင်းမိုင်
စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ လူသားချင်းစာနာမှုအကူအညီ အလိုအပ်ဆုံးနဲ့ အခက်ခဲဆုံးသော ဒေသတွေဖြစ်တယ်လို့ BNI ( Burma News International) ရဲ့ စာတမ်းတစ်စောင်က ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့မှာ BNI က ထုတ်ပြန်လိုက်တဲ့ “ နိုင်ငံတကာအလှူရှင် အစိုးရတွေအတွက် ပုစ္ဆာ (သို့) လူသားစာနာမှုကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” စာတမ်းမှာ ဖော်ပြပါတယ်။
စစ်ဘေးတိမ်းရှောင်နေရသူ ခြောက်သိန်းခွဲကျော်ရှိတဲ့ စစ်ကိုင်းတိုင်းနဲ့ စစ်ဘေးရှောင် နှစ်သိန်းသုံးသောင်းကျော်ရှိတဲ့ မကွေးတိုင်းတို့ဟာ လူသားချင်းစာနာမှုအကူအညီတွေ လက်လမ်းမှီမှုအနည်းဆုံး ၊ ဒုက္ခအရောက်ဆုံးဒေသတွေဖြစ်တယ်လို့ စာတမ်းမှာဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တိုက်ပွဲဟာ ရက်တိုင်းနီးပါးဖြစ်ပွားနေပြီး လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်တာ၊ အရပ်သားနေအိမ် မီးရှို့ဖျက်ဆီးခံရတာ၊ စစ်ဘေးတိမ်းရှောင်သူ သိန်းနှင့်ချီရှိနေပေမယ့် လူသားချင်းစာနာမှုအကူအညီလုံးဝမရရှိသေးတဲ့ ဒေသတွေဖြစ်တယ်လို့ စာတမ်းမှာဖော်ပြပါတယ်။
ဒီစာတမ်း လူသားချင်းစာနာမှုအကူအညီတွေအတွက် နိုင်ငံတကာအနေနဲ့ စဉ်းစားဖို့ လိုအပ်တဲ့ နည်းလမ်းတွေကို ပြောဆိုထားသလို နယ်စပ်ဖြတ်ကျော်အကူအညီပေးရေး (Cross Border Assistance ) တွေအတွက်ကိုလည်းဖော်ပြထားပါတယ်။
စစ်ကိုင်း ၊ မကွေး နဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင်တွေအတွက်လူသားချင်းစာနာမှုအကူအညီတွေကို အိန္ဒိယ၊ ကရင်နီ(ကယား) ၊ ကရင်၊ မွန် ၊ တနင်္သာရီတိုင်းတို့အတွက် ထိုင်းနိုင်ငံ ၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့အတွက် တရုတ်နိုင်ငံမှ လူသားချင်းစာနာမှုအကူအညီတွေကို ပေးပို့နိုင်တယ်လို့ စာတမ်းက ရှင်းပြထားပါတယ်။
စစ်ကောင်စီထံကနေ စီးဆင်းနေတဲ့ လူသားချင်းစာနာမှုအကူအညီ နဲ့ Cross Border Assistance အရေးပါမှုကို ဆင်ခြင်သုံးသပ်ပြီးတော့ ဒုက္ခရောက်နေသူတွေဆီ အကူအညီရောက်ရှိစေရေး ကြိုးပမ်းရမှာဖြစ်တယ်လို့ သုံးသပ်ဖော်ပြထားပါတယ်။
စာတမ်းအပြည့်အစုံကို အောက်ပါလင့်တွင် သွားရောက်ဖတ်ရှုနိုင်ပါတယ်။