စစ်ကိုင်းတိုင်းအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ PR စနစ်အရ ရွေးချယ်ခံရသူ ၄၁ ဦးရှိ

ဇန်နဝါရီ ၁၆ ၊ ဟုမ္မလင်း 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကျင်းပပြီးစီးခဲ့တဲ့ အပိုင်း(၁) နဲ့ အပိုင်း (၂)​ရွေးကောက်ပွဲတွေဆီကနေ အချိုးကျကိုယ်စားပြုစနစ် (PR) အရ ရွေးချယ်ခံရသူ  (၄၁) ဦးရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ သိရပါတယ်။

PR စနစ်အရ ရွေးချယ်ခံရတဲ့ ပါတီဟာလည်း ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) က  (၂၁) ဦးနဲ့ အများဆုံးဖြစ်ပြီး ဒုတိယအနေနဲ့  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)  က (၁၀) ဦးရရှိခဲ့တာဖြစ်ပါတယ်။ 

တိုင်းရင်းသားပါတီတွေထဲက ရှမ်းနီပါတီဖြစ်တဲ့ (SSP) ပါတီက ကိုယ်စားလှယ် (၂ )ဦး ၊ ကျားဖြူပါတီက (၃) ​ဦး ၊ နာဂအမျိုးသားပါတီက ( ၃) ဦး နဲ့ ပြည်သူ့ပါတီက (၁) ဦးစီ ရရှိထားတာလည်းဖြစ်ပါတယ်။ 

PR စနစ်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ   နဲဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေတွေမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ 

အပိုင်း (၁) မှာ  စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့ကြီးတွေဖြစ်တဲ့  စစ်ကိုင်း၊​ မုံရွာ ၊ကလေး နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသက ခန္တီး၊ ဟုမ္မလင်း ၊ ကသာ  ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့တွေမှာ ကျင်းပခဲ့တာပါ။ 

အပိုင်း (၂)မှာတော့  ကျေးလက်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်တပ်က နယ်မြေစိုးမိုးမှုနည်းလာတဲ့ မြို့တွေဖြစ်တဲ့ ဝန်းသို၊​ဖောင်းပြင် ၊ ကလေးဝ ၊ မင်းကင်း ၊ ရေဦး၊ ကျွန်းလှ စတဲ့မြို့တွေပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အများဆုံးအနိုင်ရရှိနေခဲ့ပြီး တိုင်းရင်းသားဒေသတချို့သာ အနိုင်မရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ရွေးကောက်ပွဲရဲ့ နောက်ဆုံးအပိုင်းကိုလည်း လာမယ့် ဇန်နဝါရီ (၂၅) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး  စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာသာကျင်းပသွားမှာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက NUG ထိန်းချုပ်မြို့နယ်တွေဖြစ်တဲ့ ပင်လည်ဘူး၊ အင်းတော် ၊ ဗန်းမောက် နဲ့ စစ်ရေးတင်းမာနေဆဲမြို့တွေဖြစ်တဲ့ ကောလင်း ၊ ထီးချိုင့် ၊မြောင် မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *