
ဧပြီ ၇ ၊ စစ်ကိုင်း
စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေက ဆိုးဝါးနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က မနေ့က ဧပြီလ (၆) ရက်နေ့မှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသမှာ စစ်ဘေးရှောင်ဒုက္ခသည် ၃ သိန်းကျော်နေပြီလည်းဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေဖြစ်တဲ့ ကလေး ၊ ကောလင်း ၊ ဝန်းသိုမြို့တို့မှာလည်း စစ်ဘေးတိမ်းရှောင်နေရသူ သုံးသောင်းကျော်အထိ စာရင်းကောက်ယူထားနိုင်ခဲ့တယ်လို့ ကုလကထုတ်ပြန်ပါတယ်။
ရှမ်းနီအသံက စုံစမ်းမေးမြန်းမှုအရ ကောလင်း ၊ ဝန်းသိုမြို့တို့နဲ့ နယ်စပ်ဖြစ်တဲ့ ပင်လည်ဘူးမြို့နဲ့အနီးတဝိုက်က ဒေသခံတွေက ၂၀၂၂ ခုနှစ် စပိုင်းက တိုက်ပွဲမရှိတဲ့ ကျေးလက်တွေဆီကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေမရရှိကြပါဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက တိုက်ပွဲဖြစ်ပွားနေတဲ့ ကနီ ၊ မင်းကင်း ၊ ပုလဲ စတဲ့မြို့နယ်က ဒေသခံတချို့တွေလည်း ဗန်းမောက်မြို့နယ်ထဲကို ထွက်ပြေးခိုလှုံမှုတွေရှိလာပြီး သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေးဖို့ ငြင်းဆန်ထားကြပါတယ်။
စစ်ကိုင်း ၊ မကွေး နဲ့ ချင်းပြည်နယ် တွေက စစ်ဘေးရှောင်တွေဆီကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးနိုင်ဖို့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေရှိနေပြီး အကူအညီတွေသွားရောက်ပေးပို့ဖို့အတွက် ဆက်လက်တိုက်တွန်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ဘေးတိမ်းရှောင်နေရသူ ငါးသိန်းခွဲကျော်ရှိလာပြီး စစ်ကိုင်းတိုင်းက စစ်ဘေးတိမ်းရှောင်နေရသူအများဆုံးလည်းဖြစ်ပါတယ်။