စစ်ကောင်စီခန့်ထားတဲ့ဝန်ကြီးချုပ်နဲ့ဝန်ကြီးအဂတိမှုနဲ့တရားစွဲဆိုခံရ 

ဇွန်၁၆  ရန်ကုန် 

စစ်ကောင်စီခန့်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့က  အဂတိမှုနဲ့ တရားစွဲဆိုထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇွန်လ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ဦးလှစိုးက လွန်ခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက တာဝန်ကနေ အနားပေးခဲ့ပြီး မနေ့က အဂတိမှုလိုက်စားမှုတွေပေါ်ပေါက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

ရန်ကုန်တိုင်းထဲကမြေကွက်တွေကို  မြို့နယ်အလိုက်  ကာလတန်ဖိုး သတ်မှတ်ချက်အောက် လျှော့ချခွင့်ပြုပေးခဲ့ပြီး  မြေဧရိယာ ၂၆၂ ဧကအတွက် နိုင်ငံတော်ငွေ ကျပ်သန်း သုံးသောင်းရှစ်ထောင်ကျော် ဆုံးရှုံးမှုနဲ့ စီးပွားရေးရာဝန်ကြီးဖြစ်တဲ့ ဦးအောင်သန်းဦးကနေ အဲ့ဒီမြေကွက်တွေအတွက် ကျပ်သန်း ၂၅၀၀ ကို  လာဘ်ယူခဲ့တယ်လို့ဆိုပါတယ်။ 

စီးပွားရေးရာဝန်ကြီးဖြစ်တဲ့ ဦးအောင်သန်းဦးက  မြေလွတ်၊မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ ၊ မြေဝယ်ယူခွင့်ရရှိသူ နဲ့ အခြားနည်းအသုံးပြုခွင့်ရရှိသူတွေဆီကနေ လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းစဉ်အတွက် ကောက်ခံရရှိတဲ့ ငွေကျပ် သိန်း ၉၅၀၀ ကို မြန်မာ့စီးပွားရေးဘဏ်ထဲကို ထည့်ဖို့ လမ်းညွှန်ထားပေမယ့် MAB ဘဏ်ရဲ့ သူ့ကိုယ်ပိုင်အကောင့်ထဲ ထည့်သွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် တစ်ဦးက မြေကွက် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ပေးခဲ့တဲ့  ငွေကျပ်သိန်း ၅၀၀၀ ကို ၎င်း၏ နေအိမ်၌ ခြောက်ကြိမ်ခွဲ၍ လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ၊  ရန်ကုန်တိုင်းဒေသကြီး၊ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် ၁၄-၆-၂၀၂၂ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုထားပါတယ်။ 

စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကယခင်က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှာ ဒု-ဥက္ကဌတာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်တစ်ဦး ဖြစ်ပြီး သန်လျင်မြို့ကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

စစ်ကောင်စီက သူတို့ကိုယ်တိုင်ခန့်ထားအပ်ထားတဲ့ လူတွေကို ပထမဆုံးအကြိမ်း အဂတိမှုနဲ့ တရားစွဲဆိုထာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *