စစ်ကောင်စီခေါ်တဲ့ငြိမ်းချမ်းရေးကိုတက်ရောက်မယ့်အဖွဲ့ (၉) ဖွဲ့ခန့်ရှိနိုင်

ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဉ် စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကို

ဧပြီ ၂၇ ၊ နေပြည်တော်

စစ်ကောင်စီဥက္ကဌက ဧပြီလကုန်ပိုင်းမှာ ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ့်အဖွဲ့  ၉  ဖွဲ့ခန့်ရှိနိုင်တယ်လို့စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ထဲက ၉ ဖွဲ့အထိ တက်ရောက်နိုင်တဲ့အခြေအနေရှိတယ်ဆိုပြီး သူကပြောဆိုခဲ့တာပါ။ 

ဒီဆွေးနွေးပွဲကို တက်ဖို့ NCA လက်မှတ်ထိုးထားတဲ့ဘယ်အဖွဲ့တွေက အကြောင်းပြန်ထားတယ်ဆိုတာကို ထည့်သွင်းပြောဆိုသွားတာမရှိပါဘူး။ 

NCA လက်မှတ်မထိုးရေသးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ထဲက ၈ ဖွဲ့နဲ့ အဆက်အသွယ်ရထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နိုင်ချေရှိနေတယ်လို့လည်း သူကပြောဆိုထားပါတယ်။ 

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၉ ရက်နေ့နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မယ့် လူစာရင်းပေးဖို့ မိန့်ခွန်းကနေဖိတ်ကြားခဲ့ပါတယ်။ 

ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလမှာ စစ်တပ်ကို တိုက်ခိုက်တာတွေပြုလုပ်ရင် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အင်အားတွေချဲ့တာပြုလုပ်ရင် လက်တုံ့ပြန်သွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *