စစ်ကောင်စီတပ်တွေကချောင်းရှင်းလင်းရေးခေါင်းစဉ်နဲ့ဥရုချောင်းတစ်လျှောက်ရွှေမျှောတွေကိုပိတ်သိမ်းခိုင်းထား 

ရွှေမျှောဖောင်များ

မတ် ၁၁ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ်ထဲက ဥရုချေောင်းတစ်လျှောက်က ရွှေမျှောတွေကို စစ်ကောင်စီတပ်တွေက ချောင်းရှင်းလင်းခေါင်းစဉ်နဲ့ ပိတ်သိမ်းခိုင်းထားတယ်လို့ ရွှေမျှောလုပ်ကိုင်နေသူတွေဆီကနေသိရပါတယ်။ 

“ ဥရုချောင်းမှာပိတ်တဲ့ကိစ္စက ပိတ်တာတော့ပိတ်နေကြပြီ ဘာကိစ္စလည်းတော့ ကျွန်တော်တော့မသိဘူး။ ရွှေမျှောတွေတော့ သိမ်းနေကြပြီဗျာ့။ ပိတ်တော့ပိတ်နေကြပြီ တပ်ကပိတ်ခိုင်းတာပြောတာ ။ ဘယ်တပ်လည်းဆိုတော့မသိဘူး ။ ကုန်းတွင်းပိုင်းမှာ မောင်းတဲ့ရွှေမျှောတွေတော့ မပါဘူးထင်တယ်ဗျ။ “ လို့ ဥရုချောင်းဘေးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးပြောပြပါတယ်။

ရွှေမျှောလုပ်ကိုင်နေသူတချို့ ဒီရက်ပိုင်းမှာပဲ မျှောတွေကိုပိတ်သိမ်းနေကြပြီဖြစ်တယ်လို့လည်း ရှမ်းနီအသံက စုံစမ်းသိရှိရပါတယ်။ 

စစ်ကောင်စီတပ်တွေက ဥရုချောင်းအနီးမှာ ရွှေမျှောတွေလုပ်ကိုင်နေချိန် စစ်ကြောင်းနဲ့တိုးမယ်ဆိုရင် မီးရှို့ဖျက်ဆီးတာတွေပြုလုပ်မှာဖြစ်တယ်လို့လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်ပြောဆိုသွားကြောင်းသိရပါတယ်။ 

ဥရုချောင်းအောက်ပိုင်း နဲ့ ချင်းတွင်းမြစ် ဆုံတဲ့နေရာက ရွှေမျှောတွေကိုတော့ ဒီလိုပိတ်သိမ်းခိုင်းတာမရှိသေးတဲ့အကြောင်းလည်း သိရပါတယ်။ 

ချောင်းနံဘေး ကိုက် ၅၀၀ အတွင်းမှာ လုပ်ခွင့်မရှိပဲ ကိုက် ၅၀၀ အပြင်ဘက်နဲ့ ချောင်းနဲ့ဝေးတဲ့နေရာတွေမှာ လုပ်ကိုင်ခွင့်ရှိတယ်လို့လည်း ပြောဆိုသွားကြောင်း စျေးဆိုင်ပိုင်ရှင်တစ်ဦးဆီကနေ သိရပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက် ဥရုချောင်းအနီးပတ်ဝန်းကျင်မှာ ရွှေမျှောလုပ်ကိုင်မှုတွေ ပိုတိုးလာခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြေးလာသူတွေက ရွှေမျှောလာရောက်လုပ်ကိုင်မှုတွေလည်းရှိလာခဲ့ပြီး ရွှေမျှောလုပ်ကိုင်သူဦးရေ တိတိသာသာတိုးမြင့်လာခဲ့ပါတယ်။ 

ရွှေမျှောတွေပိတ်သိမ်းမှုနောက်ဆက်တွဲအနေနဲ့ ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ လူဦးရေနဲ့အလုပ်အကိုင်မမျှတမှုတွေက မြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *