အောက်တိုဘာ ၃၁၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်အတွင်း အောက်တိုဘာလ နောက်ဆုံးအပတ်မှာ စတင်ဖြစ်ပွားလာတဲ့ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ခန့် ထီးချိုင့်မြို့ပေါ် ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း ယခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထက် ယခုတိုက်ပွဲက ပိုပြင်းထန်သလို ထီးချိုင့်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာသူတွေကလည်း ယခင်ကထက် ပိုမိုများပြားလာတယ်လို့ မြို့ပေါ်ရပ်ကွက်နေထိုင်သူတွေဆီကနေသိရပါတယ်။
“ပြေးတဲ့လူတွေကတော့ နည်းတာချည်း မဟုတ်ဘူး။ မြို့ထဲမှာလည်း ပြည့်လို့နေပြီ။ ဘုန်းကြီးကျောင်းလည်း ပြည့်ကုန်ပြီ။ နည်းတဲ့လူမဟုတ်ဘူး တစ်ထောင်လောက်တော့ ရှိမယ်ထင်တယ်။” မြို့ခံတစ်ဦးက ပြောပြပါတယ်။
ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ နှစ်ဖက်စလုံး အထိအခိုက်အကျအဆုံးအခြေအနေကို ဒေသခံသတင်းအရင်းတစ်ခုက ပြောပါတယ်။
“နှစ်ဖက်စလုံးတော့ အထိအခိုက်များတယ်။ ကျတာကတော့ ဘယ်ဘက်ကကျတာလည်းတော့ မပြောတတ်ဘူး။ ဒါပေမယ့်လည်း အခု လောလောဆယ် ကျွန်တော်တို့သိတာက စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့ လူကြီးတစ်ယောက်တော့ ကျသွားတယ်။ ကျသွားပြီးတော့ ဒဏ်ရာရတဲ့ သူတို့ရဲ့လူတွေကလည်း မနည်းဘူး ကားနဲ့ သယ်ထွက်လာတာ။”လို့ ၎င်းကဆိုပါတယ်။
စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ သိရှိရပါတယ်။
ယခုလို ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲက တစ်နေရာတည်းမှာမဟုတ်ဘဲ ထီးချိုင့်မြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ ကားလမ်းမကြီးရဲ့ အနောက်ဘက်ဒေသတွေမှာ ဖြစ်ပွားနေပြီး ခရီးအသွားအလာ ရပ်တန့်သွားတာမျိုးတော့ မရှိဘူးလို့ သိရှိရပါတယ်။
ထီးချိုင့်မြို့နယ် နှင့် ကောလင်းမြို့နယ်ကြားရှိ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတလျှောက်မှာ စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော် (AA ) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက်အကျဆုံးရှိတယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ သတင်းတွေထုတ်ပြန်နေတဲ့ တယ်လီဂရမ်ချယ်နယ်တွေက ဖော်ပြနေကြပါတယ်။