ဇူလိုင်၂၅၊
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ NLD ပါတီလွှတ်တော်အမတ် ကိုဇေယျာသော်အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ပြီးပြီလို့ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြလာပါတယ်။
လွန်ခဲ့တဲ့ (၂) ရက်က ကိုဂျင်မီ နဲ့ ကိုဇေယျာသော်တို့ရဲ့ မိသားစုတွေက အွန်လိုင်းကနေ ပထမဆုံးအကြိမ်တွေ့ဆုံခွင့်ရခဲ့ပြီးနောက် ဒီလိုစီရင်ပြီးတဲ့ သတင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဒီလိုကွက်မျက်မှုကို ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ရှုံ့ချပြစ်တင်ထားပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့အတွက် ပြောဆိုထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ဒီလုပ်ရပ်အပေါ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြေးစရာမြေမရှိအောင်လုပ်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တစ်ခုဖြစ်တဲ့ ရခိုင်တပ်တော် AA က စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်ကပြည်သူတွေရဲ့ ဒေါသနဲ့ မခံချင်စိတ်ကို ဆိုးရွားစွာနှိုးဆွ စိန်ခေါ်မှုလို့ ပြောဆိုသလို ၊နိုင်ငံရေး အလားအလာလမ်းစကောင်းတွေကို စစ်ကောင်စီက ရင့်သီးစွာ ခြေနဲ့နှင်းချေလိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာပြည်တွင်းကမှာရှိတဲ့ နိုင်ငံတကာသံတမန်တွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ရှုပ်ချထားပြီး သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြောင်းပြောဆိုထားကြပါတယ်။
နိုင်ငံရေးပါတီစုပေါင်းထားတဲ့ စည်းလုံးသောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကလည်းလူမဆန်တဲ့ လုပ်ရပ်အဖြစ်မှတ်တမ်းတင်ထားရမှာဖြစ်ပြီး စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ သေဒဏ်ချမှတ်ထားပြီးပြီလို့ မိသားစုတွေကို အတည်ပြုလိုက်ပေမယ့် သူတို့တွေရဲ့ ရုပ်အလောင်းကိုမိသားစုဆီကိုပြန်ပေးဖို့ စစ်ကောင်စီက ငြင်းဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းပြုစုထားမှုအရ စစ်ကောင်စီ သေဒဏ်ချမှတ်ထားသူ ၁၁၇ ဦး ရှိပြီး အဲ့ထဲမှာမှ အသက် ၁၈ နှစ်အောက် ၄၁ ဦး ကို မျက်ကွယ် သေဒဏ်ချမှတ်ထားတယ်လို့ သိရပါတယ်။