စစ်ခေါင်းဆောင်ရဲ့မိသားစုပိုင်ဆိုင်မှုတွေကိုလက်နက်ပွဲစားနှင့်အတူထိုင်းအာဏာပိုင်များဖမ်းဆီးရမိလို့ဆို

Justice for Myanmar ထုတ်ပြန်ချက်

ဇန်နဝါရီ ၁၁ ၊ ရန်ကုန်

စစ်ကောင်စီဥက္ကဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိသားစုပိုင်ဆိုင်မှုတွေကို  လက်နက်ပွဲစား ဦးထွန်းမင်းလတ်နဲ့အတူ ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Justice for Myanmar က ဇန်နဝါရီလ (၁၁) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လက်နက်ပွဲစားဦးထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့မနက်ပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ မူးယစ်ဆေးဝါရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတို့နဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။

ဦးထွန်းမင်းလတ်ဖမ်းဆီးခံရတဲ့အချိန်မှာ  ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်ရဲ့  သားနဲ့ သမီးတို့ပိုင်ဆိုင်တဲ့ ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်မှုနဲ့ ဘဏ်စာအုပ်တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ Justice for Myanmar ရဲ့ ထုတ်ပြန်ချက်ထဲ့မှာ ဖော်ပြထားပါတယ်။

“ ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှုတစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုပါတယ်။” လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကဆိုပါတယ်။ 

ဦးထွန်းမင်းလတ်ရဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အထောက်ထားတွေရှိနေပေမယ့် ထိုင်းအာဏာပိုင်တွေဟာ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေဖြစ်တဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းအရေးယူတာတွေမရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်မိသားစုနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသူတွေကို ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေဝယ်ယူတာနဲ့ ထိုင်းဘဏ်အသုံးပြုနေတာကို ပိတ်ပင်တားဆီးဖို့ Justice for Myanmarက တောင်းဆိုထားပါတယ်။။ 

Leave a Reply

Your email address will not be published. Required fields are marked *