အောက်တိုဘာ ၂၅ ၊ ရန်ကုန်
အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်တွေဟာ လေကြောင်းကနေ တိုက်ခိုက်မှုက တစ်နှစ်ကျော်အတွင်းမှာ အကြိမ်ရေ ၂၄၀ နီးပါးရှိပြီး အရပ်သား ၂၀၀ ကျော်သေဆုံးထားတယ်လို့ NUG က အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြောဆိုထုတ်ပြန်ပါတယ်။
ဖားကန့်မြို့နယ် ကံဆီးကျေးရွာအနီး KIA တပ်မဟာ (၉) နယ်မြေအတွင်း အောက်တိုဘာလ ၂၃ ရက်နေ့ညမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် KIA အရာရှိများ၊ တပ်သားများ၊ အနုပညာရှင်များနဲ့ ဒေသခံများ ထိခိုက်သေဆုံးခဲ့ပါတယ်။
ဒီဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သူ အရေအတွက်အားဖြင့် ၈၀ ကနေ ၁၀၀ ဝန်းကျင်မှာရှိတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီက အောက်တိုဘာလအတွင်းမှာ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ သိသိသာသာတိုးလာနေပြီး စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုကို အားပြုနေတာကိုလည်း တွေ့မြင်နေရပါတယ်။
စစ်ကောင်စီဟာ ဂျနီဗာသဘောတူညီချက်တွေကို ချိုးဖောက်တဲ့အပြင် နိုင်ငံတကာ နဲ့ ပြည်တွင်းဥပဒေတွေကိုလည်းချိုးဖောက်နေသောကြောင့် ကုလနဲ့ နိုင်ငံတကာ တွေအနေနဲ့ ထိရောက်တဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးဖို့ NUG က တောင်းဆိုထားပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ တရားဥပဒေတွေနဲ့အညီအရေးယူဖို့ NUG က ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
NUG က အောက်တိုဘာလ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းတွေရရှိထားပြီလို့လည်း ပြောဆိုထားပါတယ်။