
ဖေဖော်ဝါရီ ၁၂၊ နေပြည်တော်
နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နဲ့ တိုင်းအသီးသီးက စစ်ဘေးတိမ်းရှောင်နေရသူများကို ပြီးခဲ့တဲ့ဇန်နဝါရီလအပါအဝင် ဒီဇင်ဘာလကုန် တစ်နှစ်အထိ ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ စစ်ကောင်စီိက ယနေ့ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။
အိမ်ထောင်စုတစ်စုစီ ထောက့်ပံ့ပေးတာမဟုတ်ဘဲ တစ်ဦးနှုန်းစီကိုထောက်ပံ့ကြေးပေးဆောင်သွားမှာဖြစ်ပြီး စစ်ရှောင်တစ်ဦးလျှင် ကျပ်နှစ်သောင်းရရှိမှာဖြစ်ကြောင်း သိရပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့များရဲ့ သဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းများထံမှတစ်ဆင့် စစ်ရှောင်များအား ထောက်ပံ့ပေးဆောင်နိုင်ရန် ဆောင်ရွက်သွားစေမှာဖြစ်သည်ဟု ဆိုပါတယ်။
လက်နက်ကိုင်တိုက်ပွဲများ ကြောင့်ဖြစ်စေ၊သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ နေရပ်စွန့်ခွာရှောင်တိမ်းနေရသူများရဲ့ စာရင်းတွေကို ၎င်းတို့စစ်ကောင်စီက ပြီးခဲ့တဲ့လ ဇန်နဝါရီလအစမှာ ကောက်ယူခဲ့တာဖြစ်ပြီး စာရင်းထဲမပါရှိထားသေးတဲ့ မည်သူမဆို ထပ်မံတင်ပြပြီး ထောက်ပံ့ကြေးတောင်းခံနိုင်ကြောင်းလည်း သိရပါတယ်။
ထောက်ပံ့ပေးမယ့်အစီအစဉ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ကုန်ပိုင်းမှာ ကောက်ယူထားတဲ့ စာရင်းတွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းရှိ တိုက်ပွဲများ၊သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူတွေကို လိုအပ်တဲ့ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးသွားမယ်လို့ ဇန်နဝါရီလ (၁၇)ရက်နေ့မှာ စစ်ကောင်စီကကြေညာထားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက စစ်ဘေးရှောင်တွေဟာ ဘုန်ကြီးကျောင်းများ ၊ ဘာသာရေးကျောင်းများ ၊ ရပ်ဆွေရပ်မျိုးတွေအပါအဝင် အိမ်ခန်းငှားပြီး နေထိုင်ကြသလို တချို့က စစ်မက်ဖြစ်ပွားရာဒေသအတွင်း လှည့်လည်နေထိုင်မှုတွေလည်းရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအတွင်း ၂၀၂၄ ခုနှစ်အထိ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅သန်းကျော်ရှိခဲ့ပြီး လူသားချင်းစာနာမှုအကူအညီလိုအပ်မှုများလည်း မကြုံစဖူးအဆင့်အထိမြင့်တက်လာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)မြန်မာက ဇန်နဝါရီလအစောပိုင်းမှာ ထုတ်ပြန်ထားပါသေးတယ်။